လူ ၁၅ ဦးထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ထုတ်ပြန်
DVB
·
July 30, 2020
ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေးနဲ့ စပ်လျဉ်းပြီး လူ ၁၅ ယောက်ထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီအမိန့်ကိုတော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဩဂုတ် ၁ ရက်နေ့ကစတင် အသက်ဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကတည်းက လူ ၅ ယောက်ထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ထုတ်ပြန်ထားတဲ့အမိန့်ကို ဖြေလျှော့ပြီး လူ ၁၅ ထက်ပိုမို စုဝေးခွင့်မပြုကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်တော့ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ အရေးယူခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၃၀ မနက်အထိ အတည်ပြုလူနာ ၃၅၃ ဦး သေဆုံးသူ ၆ ဦးရှိပါတယ်။