ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အမေရိကန်က ဒေါ်လာ ၉၀၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံများ လှူဒါန်း
DVB
·
July 30, 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၉၀၀၀၀ တန်ဖိုးရှိတဲ့ တကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်း PPE ဝတ်စုံတွေကို ဇူလိုင်လ ၂၉ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အသက် ကယ်ဆယ်ရေးအတွက်ရော ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက်ပါ အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် ကူညီဖို့ ကြိုးစားနေတာရဲ့ တစိတ်တပိုင်းအဖြစ်ကူညီတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက သံရုံးထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ တဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၁,၅၀၀၊ မျက်နှာအကာ ၁,၅၀၀၊ နှာခေါင်းစည်းတွေ၊ ဝတ်ရုံတွေ၊ ဖိနပ်ဖုံးတွေနဲ့ မျက်ကာမျက်မှန် ၁,၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွက်ပေးအပ်တဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၁၈ ဒသမ ၅ သန်းကျော်သွားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၃၀ ရက်မနက်အထိ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၄ ဦးရှိပါတယ်။