ပုဂံဘုရားများ တရားဝင် ပြန်လည်ဖွင့်ခွင့်ပြုထားခြင်းမရှိသေး
DVB
·
July 29, 2020
ပုဂံရှေးဟောင်းအမွေအနှစ်ဒေသရှိ ဘုရားစေတီတွေကို ကိုဗစ်-၁၉ ကာလမှာ ပိတ်ထားခဲ့ပြီးနောက် ခုအချိန်အထိ တရားဝင်ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးဘူးလို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။
“နိုင်ငံတော်ရဲ့ ကိုဗစ်အမိန့်တွေနဲ့ တားမြစ်ထားတာ၊ ဟိုတယ်တွေ ဖွင့်တယ်။ စားသောက်ဆိုင် တွေ ယာဉ်လိုင်းတွေဖွင့်တော့၊ ဘုရားဖူးတွေကလည်း ရောက်လာတယ်။ ခရီးသွားတွေ ရောက်လာ ကြတယ်။ ဖွင့်ပါလည်း အမိန့်ပေးမထားဘူး ခရီးသွားတွေက သူဟာသူ အပြင်ကနေ ဖူးသွား နေကြတာ၊ တချို့ဂေါပကတွေကလည်း နာလည်မှုနဲ့ ပေးဖူးတာလည်း ရှိချင်ရှိမှာပေါ့”လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဘုရားစေတီတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ဖွင့်ခွင့်ပြုမထားသလို ခရိုင်အနေနဲ့လည်း ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။
အခုအချိန်မှာ ပုဂံဒေသကို နိုင်ငံတော် အစိုးရရဲ့ ဖြေလျှော့ပေးမှုကြောင့် ယာဉ်လိုင်း ၊ဟိုတယ် ၆၄ လုံးနဲ့ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက်မှာ ပြည်တွင်းခရီးသွားတွေက ပြန်လည် ဝင်ရောက်လာသလို လည်ပတ်သွားလာတာတွေ၊ စိတ်အပန်းဖြေ လာရောက်တာတွေ ရှိနေကြောင်း သိရပါတယ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသဟာ အခြားဒေသတွေနဲ့အတူ ခရီးသွားလုပ်ငန်းကို အခြေပြု မှီခိုလုပ်ကိုင်စားသောက်ကြတာဖြစ်လို့ ဟိုတယ်၊ စားသောက်ဆိုင်တွေ ဖွင့်သလို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးညွှန်ကြားချက်နဲ့ အညီ ဘုရားများဖူးခွင့်ကို တရားဝင် ဖြေလျှော့ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဂံဒေသမှာ ဂေါပကအဖွဲ့ထားရှိတဲ့ ဘုရား၁၇ ဆူကိုလည်း ခရိုင်စည်ခန့်အဖွဲ့က လမ်းညွှန်ချက်နဲ့အညီ ကိုက်ညီမှု ရှိမရှိသာ စစ်ဆေးထားပြီး တရားဝင်ဖွင့်ခွင့် မရှိပေမဲ့ အပူချိန်တိုင်းတာ၊ နေရပ်လိပ်စာ မှတ်တမ်းယူတာ၊ တစ်ဦးနဲ့ တစ်ဦး ၆ပေ ခြားတာ၊ မိမိ နေထိုင်ရာဒေသမှာ ၇၂ နာရီအတွင်းစစ်ဆေး ထားတဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်တွေပြသခိုင်းတာတွေရှိပြီး ဝင်ထွက်ဖူးမြော်တာ မလုပ်ဖို့ ဒီကနေ့ ထပ်မံအသိပေး တားမြစ်လိုက်ပါတယ်။
သတင်း- ကိုလင်း(ချောက်)