ဆန်နိုဖီနှင့် GSK ဆေးကုမ္ပဏီများမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၆၀ ဗြိတိန်ဝယ်ယူမည်

949
ဆန်နိုဖီနဲ့ GSK ဆေးကုမ္ပဏီတွေက ထုတ်လုပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးအရေအတွက် သန်း ၆၀ ဝယ်ယူဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်တယ်လို့ ဗြိတိန်အစိုးရက ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။
ကပ်ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ ဗြိတိန်အစိုးရက ကာကွယ်ဆေးဝယ်ယူဖို့ စတုတ္ထအကြိမ် စာချုပ်ချုပ်ဆိုလိုက်တာလည်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ကာကွယ်ဆေးစမ်းသပ်တဲ့ ရလဒ်အခြေအနေ ကောင်းမွန်ရင် လာမယ့် ၂၀၂၁ ပထမ နှစ်ဝက်မှာ ကာကွယ်ဆေးရမယ်လို့ သဘောတူထားတယ်ဆိုပြီး ဆန်နိုဖီနဲ့ GSK ဆေးကုမ္ပဏီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လောလောဆယ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထွက်ရှိသေးဘဲ ကမ္ဘာတဝန်း စီးပွားရေး ကသောင်းကနင်း အခြေအနေတွေသာ ကြီးစိုးနေပါတယ်။
ဒါဟာ ဆန်နိုဖီနဲ့ GSK ဆေးကုမ္ပဏီတွေအနေနဲ့ နိုင်ငံတနိုင်ငံကို စမ်းသပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ရောင်းချမယ့် ပထမဆုံးသဘောတူညီချက်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးတွေကလည်း ကာကွယ်ဆေး စောစောစီးစီးရဖို့ အရေးကြီးတာကို အလေးထား ပြောဆိုပါတယ်။