A d v e r t i s e m e n t With Us

ဧရာဝတီလင်းပိုင်ကျက်စားရာဇုံရှိ ကျေးရွာများမှ ကလေးငယ်များကို လင်းပိုင်အရုပ်များ လှူဒါန်း

ဧရာဝတီလင်းပိုင်ပုံစံတူပြုလုပ်ထားတဲ့ လင်းပိုင်အရုပ်လေးတွေကို လင်းပိုင်ကျက်စားရာ ပထမဇုံမှာရှိတဲ့ ကျေးရွာတွေက ကလေးငယ်တွေထံ ပညာပေးအစီအစဉ်တစ်ရပ်အနေနဲ့ သွားရောက်လှူဒါန်းမယ်လို့ ဧရာဝတီလင်းပိုင် ချစ်မြတ်နိုးသူတွေက ပြောပါတယ်။ မျိုးတုံးပျောက်ကွယ်လုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင်တွေကို ရေရှည် စောင့်ရှောက်နိုင်ဖို့ လိုအပ်နေတာဖြစ်ပြီး နောက်လူငယ်တွေပါ စောင့်ရှောက်စေဖို့အတွက် ပထမထိန်းသိမ်းရေးဇုံထဲက လက်ပစ်ကွန်ရေလုပ်သားတွေရဲ့ သားငယ်သမီးငယ်တွေထံ လက်ဆင့်ကမ်းအသိပညာပေးတဲ့သဘောမျိုးနဲ့ လင်းပိုင်အရုပ်လေးတွေ ပေးမှာလို့ဆိုပါတယ်။ ဧရာဝတီ လင်းပိုင်း ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ ဦးမောင်မောင်ဦးက "ကိုဗစ်ပြီးတဲ့ကာလမှာ ကျနော်တို့လိုချင်တဲ့ ပုံစံအချောသတ်လေးရတယ်။ ရတော့ အကောင်ရေ ကျနော်တို့မှာလိုက်တာ စုစုပေါင်း အကောင်ရေ ၂၀၀ ဆိုတော့ ငွေ သုံးဆယ့်ခြောက်သိန်းဖိုး လောက်ပါ။ အဲ့တော့ အဲ့လောက်ကို ကျနော်တို့မှာထားတယ်။ ဒါလေးတွေကို ခု ကိုဗစ်ကာလ လည်း ရှိနေသေးတော့ သွားလို့မရသေးဘူး။ ကျနော်တို့ ဒေသကိုသွားမယ်၊ကလေးတွေကို အသိပညာပေး မယ်၊ ပြီးရင် သူတို့ရဲ့ မိဘတွေကိုလည်း အသိပညာပေးမယ်၊ ဘာကြောင့်လဲဆိုတော့ အမှန်ရှိနေတဲ့ ရေလုပ်သားတွေက သူတို့ရဲ့အသိဉာဏ်ရယ်ပေါ့နော်။ သူတို့ရဲ့ ရှင်သန်ရတဲ့ ဘဝနေထိုင်မှုပုံစံရယ်၊ ရုန်းကန်ရတဲ့ ဘဝအခြေအနေတွေရယ်၊ တချို့ခေတ်အခါတွေမှာ မလုပ်ချင်သော်လည်း မပတ်သက်ချင်သော်လည်း ပတ်သက်နေရတဲ့ အကြောင်းတရားတွေ ရှိတယ်။ အဲ့ဒီအခါမှာ စိတ်ဓာတ်မာမာခိုင်ခိုင်နဲ့ ဒီဟာကတော့ ငါတို့ရဲ့ သဘာဝသက်ရှိ သယံဇာတ၊ လုံးဝကို သူတို့ ထိခို‌က်အောင် မလုပ်သင့်ဘူးဆိုတဲ့ အသိအမြင်မျိုးပေါ့နော်၊သိသွားအောင်လို့ တစ်ဘက်က လည်း ကျနော်တို့ စည်းရုံးဖို့လိုတယ်။ ပြီးရင် သူတို့ သားသမီးလေးတွေနဲ့ ထိတွေ့ပုံ၊အရုပ်ကလေးတွေက သူက နိစ္စဓူဝထိတွေ့ရတယ်၊ ဒီအကျိုးအကြောင်းတွေ ဆက်စပ်တဲ့ကွင်းဆက်ပုံစံပေါ့၊ လုပ်ထားဖို့ ကျနော်က ရည်ရွယ်တယ်၊ ရည်ရွယ်တော့ ကလေးတွေကို ပေးလိုက်မယ်။ ကလေးတွေပေးလိုက်ရင် ကလေးတွေက ဒီအကြောင်းအရာကို ပိုမိုပြီးတော့ သူတို့စဉ်းစားမယ်၊ တွေးတောမယ်၊သူတို့ တန်ဖိုးထားလာမယ်၊ ဒီလိုမျိုး ရည်ရွယ်ချက်လေး တွေနဲ့ ကျနော်တို့ ဒီ အစီအစဉ်လေးကို စီစဉ်ရခြင်း ဖြစ်ပါတယ်"လို့ ပြောပါတယ်။ လင်းပိုင်တွေ ကျက်စားတဲ့ မန္တလေးကနေ ဗန်းမော်ကြားမှာ နှစ်စဉ်ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအထိ လင်းပိုင် ၇၉ ကောင် ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်နေတာကြောင့် လင်းပိုင်  အကောင်ရေ အတိအကျကိုတော့ စာရင်း မကောက်ယူနိုင်သေးဘူးလို့လည်း သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း  ပထမဇုံအတွင်းမှာ လင်းပိုင် ၅ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။လင်းပိုင် သေဆုံးမှု အကြောင်းအရင်း အများစုကတော့ ရှော့တိုက်ငါးဖမ်းမှုတွေကြောင့် လည်း ဖြစ်ပါတယ်။ မင်းကွန်းကနေ ကျောက်မြောင်းအထက်နားမှာရှိတဲ့ ၃၂ ကီလိုမီတာရှိ ပထမဇုံ အတွင်းမှာ ငါးအင်းတွေများတာကြောင့် ရေလုပ်သားတွေများပြားသလို တရားမဝင် ရှော့တိုက်ငါးဖမ်းမှုတွေ ကြောင့် လင်းပိုင်သေဆုံးမှု အများဆုံးနေရာဖြစ်တယ်လို့လည်း သိရပါတယ်။ လင်းပိုင်အရုပ်တွေလှူဒါန်းပေးတဲ့ အလှူရှင် ဦးစိန်ဝင်းက "ကလေးဆိုတာ သူရဲ့ ဒီလို အချိန်လေးမှာ သူရဲ့ အသိစိတ်လေးတွေနဲ့ပေါ့နော် ဒီလိုအရုပ်လေးတွေဒီလိုလေးတွေ ရှိတယ်။ ဒါတော့ထိန်းသိမ်းရမယ်၊သူ ဒီဟာလေးကို ချစ်တယ်လို့ သူယူဆတယ်။ ဒီဟာလေးကတော့ သူရဲ့ မြတ်နိုးစရာလို့ယူဆရင် ဧရာဝတီလင်းပိုင်ကိုလည်း ထိန်းသိမ်းချင်တဲ့စိတ်ကတော့ သူကတော့ ပေါ်လာမှာပဲလေ" လို့ပြောပါတယ်။ သမားရိုးကျ ငါးဖမ်းနည်းတွေထက် တရားမဝင် ရှော့တိုက်ငါးဖမ်းနည်းတွေကို အခုနှစ်ပိုင်း တွေမှာ ပိုမိုလုပ်ဆောင်လာတာတွေ့ရပါတယ်။ ရှော့တိုက်ငါးဖမ်းမှုတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေ ပေမယ့် ရှော့တိုက်ငါးဖမ်းခြင်းလုပ်ငန်းကတော့ ကျယ်ပြန့်နေဆဲပဲ ဖြစ်ပါတယ်။ ရှော့တိုက်ငါးဖမ်းမှု တွေကို အခုထက် ပိုမို ကာကွယ်နိုင်ဖို့ ဥပဒေအရထိရောက်တဲ့ အပြစ်ပေးမှုတွေ၊အသိပညာပေးမှုတွေ ပိုမိုမြှင့်တင်ဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်ကို ဖမ်းဆီး သတ်ဖြတ်ခြင်းဟာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာဥပဒေ အရ ငြိစွန်းနေပြီး အထူးကာကွယ်ထားတဲ့ သတ္တဝါမျိုးစိတ် ၄၉၀ ကျော်ထဲက နို့တိုက် သတ္တဝါ မျိုးစိတ် ၃၉ မျိုးထဲမှာ ဧရာဝတီလင်းပိုင်လည်း ပါဝင်ပါတယ်။ အဆိုပါ ဥပဒေအရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျခံစေရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ သတင်း-ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up