နှိပ်စက်တဲ့ ဖခင်ကို ညီအစ်မတွေပူးပေါင်းသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရုရှားဆယ်ကျော်သက်အမျိုးသမီး မာရီယာ ခါချာတာယန်ကို တရားရုံးမှာ တံခါးပိတ် စစ်ဆေးကြားနာနေစဉ် သူ့ကို ထောက်ခံသူတွေက ရုရှားမြို့တော် မော်စကိုက ဒေသန္တရတရားရုံးအပြင်မှာ ဇူလိုင် ၂၈ ရက်က စုရုံးခဲ့ကြပါတယ်။
ရုရှားညီအစ်မ ၃ ယောက်ဟာ ဖခင်ကိုသတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ရာဇဝတ်မှု ဖြစ်ချိန်မှာ မာရီယာဟာ အသက်က ၁၇ နှစ်ပဲ ရှိသေးတာမို့ သူ့ကို တခြား ညီအစ်မ နှစ်ယောက်နဲ့ သီးခြားခွဲပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
ကနဦး ကြားနာပွဲရဲ့ ရည်မှန်းချက်က သူ့ကို စိတ်ရောဂါ ကုသပေးဖို့ ဆေးရုံပို့မလားဆိုတာ ဆုံးဖြတ်မှာပါ။ ကနဦး ဆေးစစ်ချက်အရ ရာဇဝတ်မှုဖြစ်ချိန်မှာ သူ့ရဲ့ စိတ်အခြေအနေက ယုံကြည်ကိုးစားလို့ မရတဲ့ အခြေအနေ ရောက်နေတာကို တွေ့ရှိထားပါတယ်။
မာရီယာတို့ ညီအစ်မတွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဖခင်ကိုသတ်ခဲ့ကြတာလို့ ထောက်ခံသူတွေက ယုံကြည်လို့ လွတ်လပ်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်က ခရစ်စတီနာ၊ အိန်ဂျလီနာနဲ့ မာရီယာ ညီအစ်မ ၃ ယောက်ဟာ သူတို့ရဲ့ အသက် ၅၇ နှစ်အရွယ် ဖခင် မီခေးလ် အိပ်နေတဲ့ အခန်းထဲဝင်ပြီး ငရုတ်ကောင်းဖျန်းရည်၊ ဓားနဲ့ တူတွေကို သုံးပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့အဖေကို သတ်အပြီးမှာတော့ ညီအစ်မ ၃ယောက်က ရဲဆီ ဖုန်းဆက်ခေါ်ခဲ့ကြတာပါ။
အစောပိုင်းမှာ အဖေက တိုက်ခိုက်လို့ ကာကွယ်တဲ့အနေနဲ့ သတ်တာလို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထွက်ဆိုချက် မမှန်ကြောင်း တွေ့ခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ ညီအစ်မ ၃ ယောက်စလုံးဟာ သူတို့အဖေရဲ့ စနစ်တကျ ရိုက်နှက်တာ၊ အကြမ်းဖက် ကာမ အလွဲသုံးစားလုပ်တာတွေ အပါအဝင် နှိပ်စက်မှုတွေကို နှစ်ချီခံခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးမှုဆိုင်ရာ စာရွက်စာတမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။