ရုံတင်ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ဟောလိဝုဒ်စပိုင်ရုပ်ရှင် Tenet ရုံတင်တော့မည် (နမူနာ)

ကမ္ဘာနိုင်ငံတွေအနှံ့ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် ရုံတင်ရက် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ ဟောလိဝုဒ်ရုပ်ရှင် Tenet ကို လာမယ့် ဩဂုတ်လမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ စပိုင်ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Memento (2000) ၊ Batman Begins (2005) ၊ Inception (2010) ၊ Dunkirk (2017) စတဲ့ ရုပ်ရှင်ကားတွေနဲ့ ထင်ရှားတဲ့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ Christopher Nolan က ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ Nolan ဟာ ဒီဇာတ်ညွှန်းအတွက် အချိန် ၅ နှစ်ထက်မနည်း ပြင်ဆင်ခဲ့ရပြီး သရုပ်ဆောင်တွေ ခေါ်ယူမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ တတိယကမ္ဘာစစ်ကာလအခြေခံ စိတ်ကူးယဉ်ဇာတ်လမ်းကို အခြေပြု ရိုက်ကူးထားခဲ့တာဖြစ်ပြီး ကမ္ဘာကြီးတခုလုံးလွတ်မြောက်နိုင်ဖို့ Tenet လို့ ခေါ်တဲ့အဖွဲ့ရဲ့ မစ်ရှင်နဲ့အတူ တိုက်ခိုက်မှုတွေ၊ စွန့်စားမှု အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်လူမည်းသရုပ်ဆောင်မင်းသား John David Washington နဲ့ Twilight ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်မင်းသား Robert Pattinson တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ Elizabeth Debicki ၊ Dimple Kapadia ၊ Michael Caine ၊ Kenneth Branagh တို့က လည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၅၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျက် မေရိကန်ဒေါ်လာသန်း ၂၀၀ နဲ့ ၂၅၀ ကြား အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Warner Bros. Pictures ကနေ ဖြန့်ချိသွားမယ့် ဒီရုပ်ရှင်ကိုတော့ လတ်တလော ကိုဗစ်-၁၉ အခြေအနေကြောင့် ၄ ကြိမ်ထက်မနည်း ရက်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး ခုတခါမှာတော့ ဗြိတိန်မှာ လာမယ့် ဩဂုတ်လနှောင်းပိုင်းမှာ ရုံတင်မှာဖြစ်ကာ အမေရိကန်မှာတော့ စက်တင်ဘာလဆန်းမှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up