အန်စီအေ လက်မှတ်မထိုးနိုင်သေးသည့်အဖွဲ့များ ၂၁ ရာစုပင်လုံညီလာခံတက်ရန် ဖိတ်စာမရသေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတက်ဖို့ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေကို ညီလာခံတက်ရောက်ဖို့အတွက် အစိုးရက အခုချိန်ထိ မဖိတ်သေးဘူးလို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။  အစိုးရကတော့ ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန (၁) နဲ့ (၂) မှာ ညီလာခံကျင်းပသွားဖို့ စီစဉ်ထားတာပါ။ အထူးဒေသ(၄) မိုင်းလားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကအခုချိန်ထိ သူတို့ကို အစိုးရဘက်က တရားဝင်ဖိတ်ထားတာမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ညီလာခံတက်ဖို့အတွက် သူတို့လည်း ဖိတ်ကြားစာမရသေးသလို ဖိတ်စာရလာရင်တော့ ဗဟိုကော်မတီက သုံးသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်တယ်လို့ဆိုပါတယ်။  မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ အေအေ၊ TNLA၊ MNDAA အဖွဲ့တွေကတော့ “ဝ” တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဦးဆောင်မှုနဲ့ လုံခြုံရေးအာမခံချက်ရှိတယ်ဆိုရင် တက်ရောက်လိုကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ထား ပါတယ်။  ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်ကလည်း အခုကျင်းပမယ့် ညီလာခံကိုတက်ရောက်ဖို့ မြောက်ပိုင်းအဖွဲ့တွေထံ အခုချိန်အထိ တရားဝင်ဖိတ်လာတာ မရှိသေးလို့ ဆိုပါတယ်။  အစိုးရဘက်ကတော့ အခုညီလာခံမှာ မြောက်ပိုင်းအဖွဲ့တွေ ညီလာခံတက်ဖို့ ဖိတ်မယ် မဖိတ်ဘူးဆိုတာကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။  တပ်တော်ဘက်ကတော့အဲဒီအဖွဲ့တွေ ညီလာခံတက်ရေးမတက်ရေးက NRPC လုပ်ဆောင်တာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လုံခြုံရေးအာမခံချက်ကိုပေးထားပြီး ဖြစ်တယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။  “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ သူတို့အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကိုတက်ဖို့ အစိုးရဆီက ဖိတ်စာမရသေးသလို ဖိတ်လာတဲ့အပေါ်မူတည်ပြီး ဗဟိုဌာနချုပ်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာလဲ မသိသေးဘူးလိုပြောပါတယ်။  လက်ရှိမှာတော့ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up