A d v e r t i s e m e n t With Us

NDF ပါတီ ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရွေးကောက်ပွဲဝင်ပြိုင်မည် 

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ   တိုင်းနဲ့ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၅၀ လောက်မှာ ကိုယ်စားလှယ်လောင်း ၁၁၅ ဦးလောက်  ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ ငွေကြေးအခက်အခဲကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အရင်တခေါက်ထက် ဝင်ရောက် ပြိုင်မယ့်သူနည်းသွားတယ်လို့  အန်ဒီအက်ဖ် ပါတီ တာဝန်ရှိသူက ပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ကိုယ်စားလှယ်လောင်းရွေးဖို့ကတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် စည်းရုံးရေးကော်မတီ တွေကိုပဲ တာဝန်ပေးထားပါတယ်။ တော်တော်များများကတော့ ပြီးပါပြီ။ တချို့ပဲကျန်တယ်။ လောလောဆယ် ဒီထဲက ၁၁၅ ယောက်တော့ မှတ်ပုံတင်ဖို့အတွက် ပါတီကို သတင်းပို့ပြီးပါပြီ။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုင်ငံသားဖြစ်ဖို့၊ အကျိုးပြုချင်တဲ့စိတ် ရှိဖို့၊ နိုင်ငံရေး စီးပွားရေးကို လေ့လာချင်တဲ့စိတ်ရှိဖို့ စတာတွေ သတ်မှတ်ထားပါတယ်။ ပညာ အရည်အချင်းကတော့ အထွေအထူး သတ်မှတ်ထားတာမရှိပါဘူး။ အထက်တန်းအဆင့်ဖြစ်ရင် ရပါပြီ” လို့  ပြောပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာတော့ ဝင်ပြိုင်မှာမဟုတ်ဘဲ ကယားပြည်နယ်က ၇ မြို့နယ်လုံးမှာ ၃၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းရထားပြီး ကချင်ပြည်နယ်ကတော့ ၃ ယောက်ပဲ ပြိုင်မှာဖြစ်လို့ အနည်းဆုံးဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ပါတီအနေနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းအထိ ပါလာဖို့ ညွှန်ကြားထား ပေမယ့် တကယ်တမ်းမှာတော့ ပါမလာနိုင်ဘူးလို့ဆိုပါတယ်။  “အခု စာရင်းရထားတဲ့ ၁၁၅ ယောက်ထဲမှာ အမျိုးသမီး အယောက် ၂၀ လောက်ပဲပါတယ်။ ဒီထဲမှာ ရှမ်းတောင်ကတော့ အများဆုံးလို့ ပြောရမယ်။ အမျိုးသားနဲ့ အမျိုးသမီးအရေအတွက် အတူတူလောက်ရှိတယ်။ ကယားပြည်နယ်မှာတော့ ၁ ယောက်ပဲ ပါပါတယ်” လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ထောက်ပံ့ငွေကြေး တစုံတရာပေးမှာမဟုတ်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ နည်းသွားပြီး အဲဒီတုန်းက အယောက် ၂၀၀ ကျော် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဦးခင်မောင်ဆွေက “ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဘဲ ဝင်ပြိုင်ရတော့ မယ်။ ကော်မရှင်က ပြန်မပြော နားမထောင်လေ။ သန့်ရှင်းစင်ကြယ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ဝင်ပြိုင်ရမယ်ဆိုတဲ့ တာဝန်ကိုတော့ မရှောင်လွှဲပါဘူး” လို့ ပြောပါတယ်။ အန်ဒီအက်ဖ်ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကနေ ခွဲထွက်လာ သူတွေနဲ့  ၂၀၁၀ ပြည့်နှစ် တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး  ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အနိုင်ရသူမရှိခဲ့ပါဘူး။ လာမယ့်ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး လက်ရှိမှာတော့ တရားဝင် နိုင်ငံရေးပါတီပေါင်း ၉၆ ပါတီရှိနေ ပါတယ်။

A d v e r t i s e m e n t With Us

More News
Up