ဆန်ချိုကို ပေါင်သန်း ၈၀ ဖြင့်ခေါ်ယူရန် မန်ယူနိုက်တက် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ရေးပြင်ဆင်တဲ့အနေနဲ့ ရှေ့တိုးဆောင်ရွက်လာပါတယ်။
လက်စတာကိုအနိုင်ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိ ဝုဒ်ဝတ်နဲ့ ညှိနှိုင်းရေးမှူးချုပ် မတ်ဂျက်တို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ အရှိန်မြှင့်တင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားဖြစ်တဲ့ ဆန်ချိုကို ဒေါ့မွန်အသင်းက ပေါင် သန်း ၁၂၀ ဈေးသတ်မှတ်ထားပါတယ်။ ယူနိုက်တက်ဘက်က ခေါ်ယူဖို့ အရှိန်မြှင့်တင်ဆောင်ရွက်လာပေမယ့် တရားဝင် ကမ်းလှမ်းမှုမျိုးကို မလုပ်ရသေးဘူးလို့ ယူဆရပါတယ်။
ဝုဒ်ဝတ်က ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဒီနှစ် နွေရာသီ အပြောင်းအရွေ့မှာ အရင်လို ဈေးကြီးပေး ခေါ်ယူမှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပြီး အသင်းနဲ့ နီးစပ်သူတွေဟာလည်း ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း ၁၀၀ ကျာ်သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။
ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဘက်က ဆန်ချိုအတွက် ကနဦး ပေါင်သန်း ၈၀ လောက် သုံးစွဲကာ နောက်ပိုင်းမှာမှ ဆုကြေးငွေတွေ၊ ထပ်တိုးပြောင်းရွှေ့ကြေးတွေနဲ့ ဈေးကို မြှင့်တင်နိုင်ဖို့ ဆောင်ရွက်လာဖွယ် ရှိနေပါတယ်။
ဒေါ့မွန်အသင်းဘက်က ဆန်ချိုကို ရောင်းချသွား ဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပြီး အသက် ၂၀ အရွယ် ဆန်ချို အသင်းကနေ ထွက်ခွာသွားရင် သူ့နေရာမှာ အစားထိုးဖို့အတွက်လည်း ကြိုတင်ပြင်ဆင်နေပါတယ်။
တောင်ပံတိုက်စစ်ကစားသမားအပြင် ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အသင်းအတွက် ကွင်းလယ်လူတစ်ဦးနဲ့ ဗဟိုနောက်ခံလူတစ်ဦး လိုအပ်ချက်ရှိနေတာကို သဘောပေါက်ထားပြီး ဒီနေရာတွေကို ဖြည့်ဆည်းဖို့အတွက် ရှာဖွေနေပါတယ်။
ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ဟာ ယူနိုက်တက်အသင်း စောင့်ကြည့်နေတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပြီးတော့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဟာလို အငှားစာချုပ်ပြည့်လို့ တရုပ်ကလပ်ကို ပြန်ရင် သူ့နေရာမှာ အစားထိုးဖို့အတွက်လည်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။