ဆန်းချက်ဇ်နှင့် ပါရီဆစ်ကို လဲလှယ်ရန် မန်ယူနိုက်တက်အသင်းကို အင်တာကမ်းလှမ်း

အိုင်ဗန်ပါရီဆစ်ကို အလက်ဆစ်ဆန်းချက်ဇ်နဲ့ လဲလှယ်ဖို့ အင်တာမီလန်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။ ယူနိုက်တက်ကစားသမား ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းမှာ တရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပြီး အီတလီအသင်းက ချီလီ လက်ရွေးစင်ကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ဆန်းချက်ဇ်အတွက် ကမ်းလှမ်းခဲ့တဲ့ ပါရီဆစ်ဟာလည်း ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားထွက်ကစားနေပြီး ဘိုင်ယန်ဘက်က ကစားသမားရဲ့ တန်ကြေးပေါင် ၁၇ သန်းကို မပေးချေလိုတာကြောင့် သူ့ကို အင်တာမီလန်အသင်းဆီ ပြန်လည်ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ Sport Mediaset သတင်းအရ အင်တာမီလန်အသင်းဟာလည်း ဆန်းချက်ဇ်အတွက် ယူနိုက်တက်အသင်းဘက်က သတ်မှတ်ထားတဲ့ ပေါင် ၁၇ သန်းကို မပေးချေလိုတာကြောင့် သူ့ကို ပါရီဆစ်နဲ့ အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။  အင်တာမီလန်အသင်းဟာ ကြန့်ကြာခဲ့တဲ့ စီးရီးအေပွဲစဉ်တွေအတွက် ဆန်းချက်ဇ်ရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်လာမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ချီလီတိုက်စစ်မှူးကို အသုံးပြုနိုင်ရေးအတွက် သူ့ကို အပြီးသတ်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ ဒါရိုက်တာ မာရော့တာက “အရေးပါတဲ့ ကစားသမားတွေမပါဘဲ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဒီအခြေအနေကို အခုထိ အဖြေမရှာတွေ့သေးပါဘူး။ သူ့ကို ယူရိုပါလိဂ်ပြိုင်ပွဲ ပြီးဆုံးတဲ့အထိ အနည်းဆုံး ထိန်းသိမ်းသွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်” လို့  ပြောပါတယ်။ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပေမယ့် ဆန်းချက်ဇ်ဟာ စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်တဲ့ ဇွန်လကတည်းက ပုံမှန်ခြေစွမ်းပြသနေသူ ဖြစ်ပြီးတော့ ၁၂ ပွဲအတွင်း ၃ ဂိုး သွင်းပြီး ၇ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ တဖက်မှာလည်း ပါရီဆစ်ဟာ မော်ရင်ဟိုလက်ထက်မှာ ယူနိုက်တက်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီး အင်တာမီလန်နဲ့ ယူနိုက်တက်အကြား ပြောင်းရွှေ့ကြေး အဆင်မပြေမှုကြောင့် ပျက်ခဲ့ရပါတယ်။ ခရိုအေးရှား လက်ရွေးစင်ကစားသမားဟာလည်း သူ့ရဲ့ ဘိုင်ယန်မြူးနစ် အငှားရာသီမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့သူဖြစ်ပြီးတော့ ၃၁ ပွဲ ကစားပြီး ၆ ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up