ဟာရီကိန်းဟန်နာ တက္ကဆက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်၊ အပျက်အစီး များပြား
၂၀၂၀ ပြည့်နှစ်အတွင်း အတ္တလန္တိတ် ဟာရီကိန်းရာသီရဲ့ ပထမဆုံး ဟာရီကိန်း ဟန်နာဟာ ဇူလိုင် ၂၇ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ပြီး ကမ်းရိုးတန်းတလျှောက် အပျက်အစီး အများအပြား ဖြစ်ခဲ့ပါတယ်။
ဟာရီကိန်း ဟန်နာကြောင့် ထိခိုက်ဒဏ်ရာရသတင်းကို ချက်ချင်း မသိရသေးပါဘူး။ ကော်ပတ်စ်ခရစ္စတီမြို့မှာ မုန်တိုင်းကြောင့် ထင်ရှားတဲ့ ဆိပ်ခံတံတားတစ်ခု ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ဟန်နာဟာ အဆင့် ၁ ဟာရီကိန်းအဖြစ် ပါဒေကျွန်းကို ဝင်ရောက်ခဲ့ပြီး အဲဒီနောက် တက္ကဆက်ပြည်နယ် ကနေဒီကောင်တီမှာ ဒုတိယအကြိမ် ဝင်ရောက်ခဲ့ပါတယ်။
ဟန်နာဟာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ တက္ကဆက်ပြည်နယ် နေရာတချို့မှာ မုန်တိုင်းကျရောက်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပါတယ်။
မုန်တိုင်းကြောင့် မိုးကြီးပြီး မော်တော်ကားလမ်းတွေမှာ ရေအမြင့် ၁ ပေကျော် မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် တက္ကဆက်တောင်ပိုင်း မြစ်ချောင်းတွေ ရေကြီးရေလျှံခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။