A d v e r t i s e m e n t With Us

ပြည်ပသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသူများအတွက် လေယာဉ်ခရီးစဉ် စီစဉ်ပေးမည်

စင်ကာပူနိုင်ငံမှ မြန်မာသင်္ဘောသားများအား ပြန်လည်ပို့ဆောင်ခဲ့စဉ်
အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို  အရေးတကြီး သွားရောက်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လိုက်ပါနိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်‌ပေးမယ်လို့ နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၇ ရက်မှာ ကြေညာပါတယ်။  ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ယာယီရပ်ဆိုင်းတာကြောင့် ပြည်ပရောက်မြန်မာတွေ နေရပ်ပြန်ဖို့ အခက်အခဲ  ကြုံတွေ့နေရသလို့ ပြည်ပသို့ အရေးပေါ်ထွက်ခွာလိုတဲ့ မြန်မာနိုင်ငံသားတွေလည်း  အခက်အခဲတွေ ကြုံတွေ့နေကြရတာပါ။ ဒါကြောင့် ပြည်ပမှာ ဆေးကုသမှုနဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့ အရေးပေါ် သွားရောက်လိုသူတွေ၊ လုပ်ငန်းခွင်ဝင်မယ့် အလုပ်သမားတွေနဲ့ သင်္ဘောသားတွေ၊ ပညာသင်ကြားမယ့် ကျောင်းသူ ကျောင်းသားတွေနဲ့ တခြား အကြောင်းအမျိုးမျိုးနဲ့ အရေးပေါ်သွားရောက်ဖို့ လိုအပ်နေသူတွေ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်စေဖို့  ညှိနှိုင်းစီစဉ်ဆောင်ရွက်‌သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှ ထွက်ခွာမယ့် ကယ်ဆယ်ရေး/အထူးလေယာဉ်တွေနဲ့ ကုန်တင်လေယာဉ် Cargo Flight အချိန်ဇယားတွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က  ပူးပေါင်းညှိနှိုင်း ကြေညာသွားမယ်လို့ ဆိုပါတယ်။ ပြည်ပသို့သွားရောက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်အရ လိုအပ်တဲ့ အထောက်အထားစာရွက် စာတမ်းတွေ ကြိုတင်ပြင်ဆင်ထားရှိရမှာဖြစ်သလို ပြည်ဝင်ဗီဇာတွေကိုလည်း ရန်ကုန်မြို့ရှိ သက်ဆိုင်ရာသံရုံးတွေမှာ မိမိအစီအစဉ်နဲ့  တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ လေယာဉ်ခရီးစဉ်အလိုက် လိုက်ပါခွင့်ရရှိသူ အတည်ပြုစာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းတွေကို ပြန်လည်ပေးပို့ သွားမှာဖြစ်ပြီး လိုက်ပါခွင့်ရရှိသူတွေအနေနဲ့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကိုဆက်သွယ်ပြီး  လေယာဉ် လက်မှတ်ဝယ်ယူရေး ဆက်လက်ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ ပြည်ပသို့ သွားရောက်လိုသူတွေအနေနဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးချက် ရယူနိုင်ဖို့လည်း အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒါမှမဟုတ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) တို့မှာ မိမိအစီအစဉ်နဲ့  ဓာတ်ခွဲစစ်ဆေးခြင်း ခံယူနိုင်တယ်လို့လည်း သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up