ကိုဗစ်ကာလ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ
DVB
·
July 28, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ရှမ်းပြည်နယ်အတွင်း လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးရဲ့ လူငယ်နှင့်မူးယစ်ဆေးဝါး သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO)က သုတေသနပြုလုပ်ထားတဲ့ လူငယ်နှင့်မူးယစ်ဆေးဝါး အစီရင်ခံစာကို ပြည်သူတွေကို ချပြဆွေးနွေးဖို့ ဇူလိုင် ၂၇ ရက်က တောင်ကြီးမြို့ အောက်မေ့ဖွယ်ဓမ္မာရုံမှာ ဖိုရမ်တစ်ရပ်ကျင်းပခဲ့ပါတယ်။
အစီရင်ခံစာကို တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်မြို့နယ်များရှိ ဆေးသုံးစွဲ သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဥပဒေကြားကွာဟမှုတွေကို သုတေသနပြုလုပ်ခဲ့တာပါ။
မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို တည်ဆဲဥပဒေအရ ဖမ်းဆီးချုပ်နှောင်နေမယ်ဆိုရင် ထောင်ထဲမှာဘဲအချိန်ကုန်သွားတဲ့အတွက် မူးယစ်ဆေးဝါးဥပဒေရေးဆွဲတဲ့အခါ လူ့အခွင့်အရေး ထည့်စဉ်းစားဖို့ လိုအပ်တယ်လို့ အောင်ဆုဗွေ မူးယစ်ဖြတ်စခန်း တာဝန်ခံ ဗိုလ်ကြီးခွန်ဗွေ က ဆိုပါတယ်။
လူငယ်တွေကျောင်းပညာကိုပြီးဆုံးတိုင် သင်ကြား ခွင့်မရှိသူ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိသူ၊ အသိပညာပေး လက်လမ်းမမီတဲ့သူတွေက မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုတွေ့ရှိတယ်လို့ ဆိုပါတယ်။
ဖိုရမ်ကို တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း လွိုင်လင်မြို့နယ်ရှိ မူးယစ်ဆေးဝါး စွဲပြီးကုသမှုခံယူနေသူ၊ ဆေးဖြတ်စခန်းကတာဝန်ရှိသူ ဒေသခံ တွေ တက်ရောက်ခဲ့ပါတယ်။
အစိုးရက ဘိန်းအစားထိုးလုပ်ငန်းတွေ ဖော်ဆောင်နေပေမဲ့ အစားထိုးစိုက်ပျိုးတဲ့သီးနှံတွေ စျေးကွက်မရှိတဲ့အတွက် စိုက်ပျိုး တောင်သူတွေမှာအခက်အခဲရှိနေမြဲဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ