ဖီဖာက ခွင့်ပြုပါက တရုတ်လက်ရွေးစင်အသင်းအတွက် ကစားပေးရန် အော်စကာ ဆန္ဒရှိ

1K
ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုမယ်ဆိုရင် တရုတ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားချင်တယ်လို့ ဘရာဇီး ကွင်းလယ်လူ အော်စကာက ပြောလိုက်ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း အော်စကာဟာ ၂၀၁၇ ဇန်နဝါရီအပြောင်းအရွှေ့မှာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့ကစားခဲ့တာပါ။
ဘရာဇီးအသင်းနဲ့ အတူ ၂၀၁၄ ကမ္ဘာ့ဖလား အပါအဝင် စုစုပေါင်း ၄၇ ပွဲ ကစားခဲ့တဲ့ အော်စကာဟာ ၂၀၁၆ ခုနှစ်ကစပြီး ဘရာဇီးအသင်းမှာ ရွေးချယ်ခြင်း မခံရတော့ပါဘူး။
ဖီဖာရဲ့စည်းမျဉ်းအရတော့ နိုင်ငံတစ်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကြီးမှာ ကိုယ်စားပြု ကစားထားပြီးသား ကစားသမားတစ်ဦးဟာ တခြားနိုင်ငံအသင်းကို ပြောင်းလဲကစားခွင့် ပြုမထားပါဘူး။
အော်စကာကတော့ တရုတ်လက်ရွေးစင်အသင်းမှာ ကွင်းလယ်ကစားသမားကောင်းတစ်ဦး လိုအပ်နေပြီး တရုတ်အသင်းကိုလည်း ကြိုက်နှစ်သက်တာကြောင့် ဖီဖာကသာ စည်းမျဉ်းပြောင်းလဲပြီး ကစားခွင့်ပြုခဲ့မယ်ဆိုရင် ကိုယ်စားပြု ကစားသွားချင်တယ်လို့ပြောပါတယ်။
တရုတ်အသင်းဟာ လက်ရှိကမ္ဘာ့အဆင့် ၇၆ မှာရပ်တည်နေပြီး ၂၀၀၂ နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိပါဘူး။