Live
Home
မြန်မာသတင်း
တရုတ်နိုင်ငံ၌ လူသတ်မှုကျူးလွန်ပြီး မြန်မာပြည်ဘက် ထွက်ပြေးလာသူ ဖမ်းမိ
DVB
·
July 27, 2020
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ တရုတ်နိုင်ငံအတွင်း လူသတ်မှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသား တစ်ဦးကို  ဖမ်းဆီးရမိတယ်လို့  ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က တရုတ်နိုင်ငံ၊ ဟွမ်ရှန်းရွာ၊ အမှတ်(၂၂)အနီးရှိ လယ်တောအတွင်းမှာ လူသေအလောင်းတွေ့ရှိကြောင်း ကျန်းဖုန်းနယ်စပ်ရဲစခန်း(၁၁၀)သို့ ဆက်သွယ်အကြောင်းကြားချက်အရ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာ သေဆုံးနေသူမှာ နမ့်ခမ်းမြို့နယ် ဆင်ကော်ဆာလူးရွာနေ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်နိုင်အမ်း ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဆက်လက် စုံစမ်းချက်အရ သေဆုံးသူဟာ သူငယ်ချင်းဖြစ်သူ မောင်အောင်ဦး၊ မောင်မိုင်းလီကျော်ချစ်လှိုင်တို့ နဲ့အတူ တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့၊ ဆင်သုံးကောင်အဝိုင်းအနီး၊ တောင်ဘက်လမ်းရှိ လောက်အဲအကင်ဆိုင်မှာ အရက်သေစာ သောက်စားနေရင် စကားများရန်ဖြစ်ခဲ့ရာမှ မောင်နိုင်အမ်းရဲ့ ဦးခေါင်းနောက်စေ့အား မောင်အောင်ဦးက ထိုင်ခုံနဲ့ ရိုက်ခြင်း၊ မောင်မိုင်းလီကျော်ချစ်လှိုင်က ခြေထောက်နဲ့ ဆောင့်ကန်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့တာဖြစ်ပြီး  သေဆုံးသူရဲ့ အလောင်းကို  ပြစ်မှုကျူးလွန်သူ နှစ်ဦးက ထမ်းခေါ်သွားပြီး လယ်တောထဲမှာ ပစ်ထားခဲ့ကြောင်း  သိရှိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ရာ နမ့်ခမ်းမြို့နယ်၊ ကျူဆိုင်းရွာနေ မောင်မိုင်းလီကျော်ချစ်လှိုင် (၂၃)နှစ်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ကျန်တစ်ဦးကို ဖမ်းဆီးရမိရေးအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ မောင်အောင်ဦး(၂၆)နှစ်ကို ဇူလိုင် ၂၆ ရက်မှာ လွယ်ဂျယ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဟိန်းနဲ့ အဖွဲ့က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၄)နတ်စင်အနီး ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါပြစ်မှုကျူးလွန်သူနှစ်ဦးကို တရုတ်နိုင်ငံမှာ  ရာဇသတ်ကြီးပုဒ်မ-၁၁၂ (တင်ကူးကြံရွယ်ချက်မရှိဘဲ ရုတ်တရက်ဒေါသကြောင့် ဖြစ်ပွားသည့် လူသတ်မှုပုဒ်မ)နဲ့ အမှုဖြင့်အရေးယူ ဆောင်ရွက်ထားပါတယ်။ သတင်း- မင်းခန့်ကိုကို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024