Home
မြန်မာသတင်း
အမှန်အတိုင်းတင်ပြခဲ့သည့် မြန်မာ့ရေနံဓာတု ဝန်ထမ်း ၁ ဦး နေရာ ရွေ့ပြောင်းခံရ 
DVB
·
July 27, 2020
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဧရာဝတီတိုင်း ခရီးစဉ် လူထုတွေ့ဆုံဆွေးနွေးပွဲမှာ  ညောင်တုန်းအမှတ်(၂)ဓာတ်ငွေ့ရည်စက်ရုံနဲ့ ပတ်သက်ပြီး အမှန်အတိုင်း တင်ပြခဲ့လို့ နယ်ကိုပြောင်းရွေ့ခံခဲ့ရတယ်လို့  ကာယကံရှင် ဝန်ထမ်းက ပြောပါတယ်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE) ကုန်ထုတ်ဌာနမှ ဦးထင်ကျော်ဟာ ညောင်တုန်း အမှတ်(၂)ဓာတ်ငွေ့ရည်စက်ရုံကနေ စလေ အမှတ် (၁)ဓာတ်မြေသြဇာစက်ရုံသို့ ပြောင်းရွေ့ ခံရတာလို့  ဇူလိုင် ၂၆ ရက်မနက်က  ချောက်မြို့ရှိ ဖိုးလှကြီး အခြေခံအလုပ်သမားအဖွဲ့အစည်း ရုံးမှာ  သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားခဲ့တာပါ။  လက်ရှိ စလေဓာတ်မြေသြဇာစက်ရုံမှာ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်း  ဦးထင်ကျော်က “လူထုတွေ့ဆုံပွဲမှာ ညောင်တုန်းဓာတ်ငွေ့စက်ရုံရဲ့ တနေ့ နေ့စဉ် သိန်း ၃၀၀ မြတ်နေတာကို ဘာလို့ ပုဂ္ဂလိကကို လွှဲရသလဲလို့မေးတော့ နိုင်ငံတော်အတိုင်ပင်ခံက ဒီကိစ္စသူမသိရှိကြောင်း​ ပြန်လည်ဖြေရှင်းပေးတယ်။  ဒီနောက်မှာတော့  စက်ရုံရဲ့ လိုအပ်ချက် အချက် ၄ ချက် တင်ပြတောင်းဆိုတော့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့လည်း ပြောပါတယ်´လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံပိုင် လုပ်ငန်းတွေ အကြောင်းကို  ဦးထင်ကျော်က တင်ပြပြောဆိုခဲ့တာလို့ ဆိုပါတယ်။ တင်ပြပြီးနောက်ပိုင်း ၃ လကျော်မှာ အမှတ်(၂)ဓာတ်ငွေရည်စက်ရုံ (ညောင်တုန်း)နဲ့ အကျိုးတူ ပူပေါင်းလုပ်ကိုင်နေတဲ့ ရတနာစု ကုမ္ပဏီရဲ့ စက်ရုံမှူးကားရှေ့မှန် ကွဲအက်မှုဟာ သူ့ကြောင့်ပါလို့ စွပ်စွဲခံခဲ့ရသလို၊ စက်ရုံအတွင်း  စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာ အပြစ်မရှိကြောင်း အဖြေထွက်ခဲ့တယ်လို့ ဆိုပါတယ်။  ဒီနောက် ၂၀၁၉ဒီဇင်ဘာမှာ ချောက်မြို့နယ် အမှတ်(၁)ဓာတ်မြေသြဇာ စက်ရုံကို ပြောင်းရွေ့ခံလိုက်ရပြီး ၂၀၂၀ ဖေဖော်ဝါရီမှာ အထက်ပါကားမှန်ကွဲကိစ္စအကြောင်းပြုပြီး အမှုဖွင့်တ တရားစွဲဆိုတာကြောင့် သွားရောက်ဖြေရှင်းနေရလို့ အ အခက်အခဲဖြစ်နေတယ် လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချောက်မြို့နယ် ဖိုးလှကြီး အလုပ်သမားအဖွဲ့ အစည်း ဥက္ကဋ္ဌ ဦးအောင်ကြည်မိုးက “ဥပဒေအရ အခွင့်အရေးဆုံးရှုံးရင် ထုချေတင်ပြခွင့် ရှိတယ်ဆိုသော်လည်း၊ ခွင့်ပြုထားလို့ ပြောမယ်ကွာဆိုပြီး ပြောပေမဲ့လည်း အထက်လူကြီးကနေ ငြိုငြင်တာခံရတယ်။ ပြောပြီးပြီးချင်းဘာမှ မဖြစ်ပေမဲ့ အပြောင်း အရွေ့လုပ်စရာရှိလာရင် အမှန်တရား ထပြောတဲ့လူတွေ ပါသွားတာပဲ။ အဲလိုဖြစ်တော့ ဝန်ထမ်းတွေက အမှန်တရား ပြောရဲသူ မရှိတော့ဘူး။ ဒါဘာတွေ ၊ တွေဆုံပွဲတွေမှာ ထပြောပါ။ ပြဿနာမရှိဘူးဆိုပေမဲ့လည်း အမှန်တရားထပြောရင် ဒီလိုတွေ ဖြစ်တတ်လို့ ပြောရဲတဲ့လူတွေ မရှိတော့ဘူး”လို့ ပြောပါတယ်။ လူထုတွေ့ဆုံပွဲတွေမှာ  တိုင်ကြားချက်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ခေါ်ယူတွေ့ဆုံ ရှင်းလင်းဖြေကြားဖို့၊ တိုင်းကြားသူကို အရေးယူခြင်း၊ တရားဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုဖို့၊ ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေ ဥပဒေနဲ့ ညီညွတ်ဖို့ လိုအပ်ပြီး နှုတ်မိန့်နဲ့ ဆောင်ရွက်ခြင်းမျိုး မပြုလိုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာ ကြားထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း စာအမှတ် ၁၅၀၄(၃)/၁-၅၇၂/၂၉၃/၂၀၁၉ အရသိရပါတယ်။  သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024