နာမည်ကျော် Gone with the Wind ရုပ်ရှင်စတား မင်းသမီးကြီး Olivia de Havilland ကွယ်လွန် (ရုပ်သံ)

နာမည်ကျော် Gone with the Wind ရုပ်ရှင်စတား ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီးကြီး Olivia de Havilland ဟာ ဇူလိုင်လ ၂၆ ရက်နေ့က ကွယ်လွန်သွားတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ မင်းသမီးကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၁၀၄ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး နှစ်ပေါင်း ၆၀ လောက်နေထိုင်ရာ ပဲရစ်စ်မြို့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူ လီဆာဂိုးလ်ဘာ့ဂျ်က ဆိုပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၇၀ ကျော် သရုပ်ဆောင်ဖြတ်သန်းခဲ့တဲ့ Olivia de Havilland ဟာ ဟောလိဝုဒ်ရွှေခေတ်ရဲ့ သက်ရှိထင်ရှားရှိနေခဲ့သူ မင်းသမီးကြီးအဖြစ် သတင်းကြီးပါတယ်။ ဗြိတိန်-အမေရိကန်မင်းသမီးကြီးကို ဂျပန်နိုင်ငံမှာ ၁၉၁၆ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ မိသားစုလိုက် လော့စ်အင်ဂျလိစ်မြို့ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ Olivia de Havilland ဟာ ၁၉၃၀ ပြည့်လွန်ကာလတွေက သရုပ်ဆောင်မင်းသား Errol Flynn နဲ့အတူ Captain Blood (1935) The Adventures of Robin Hood (1938) စတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ရင်း နာမည်ရလာခဲ့ပြီး ၁၉၃၉ ခုနှစ်ထွက် နာမည်ကျော် Gone with the Wind ရုပ်ရှင်ကတော့ သူ့ကို ပရိသတ်တွေ အားပေးလက်ခံမှု ရရှိခဲ့တဲ့ ရုပ်ရှင် ဖြစ်စေခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားထဲမှာတော့ မင်းသမီးကြီးဟာ စကားလက်ရဲ့ ယောင်းမ မယ်လာနီ ဇာတ်ကောင်နေရာကနေ ဇာတ်ပို့နေရာက သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး အော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း တလျှောက်မှာတော့ အနိမ့်အမြင့် အတက်အကျတွေနဲ့  ကြုံတွေ့ခဲ့ရပြီး ဟောလိဝုဒ်ရဲ့ မျှတမှုမရှိတဲ့ စတူဒီယိုစနစ်အပေါ် အောင်နိုင်မှုရခဲ့တာ၊ ညီမ ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Joan Fontaine နဲ့ ကာလကြာရှည် ပြဿနာဖြစ်ခဲ့ရတာတွေကလည်း ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။ ၁၉၄၀ ပြည့်လွန်ကာလတွေမှာတော့ Olivia de Havilland ဟာ ထိပ်တန်းသရုပ် ဆောင်မင်းသမီးတလက် ဖြစ်လာခဲ့ပြီး Hold Back the Dawn (1941) ၊ To Each His Own (1946) ၊ The Snake Pit (1948) ၊ The Heiress (1949) ရုပ်ရှင်တွေနဲ့ အကောင်း ဆုံးဇာတ်ဆောင်မင်းသမီး အော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး To Each His Own ၊ The Heiress ရုပ်ရှင်တွေနဲ့ အော်စကာဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးကြီးဟာ အိမ်ထောင် ၂ ဆက်ရှိခဲ့ပြီး ပထမအိမ်ထောင် အမေရိကန်ဇာတ် ညွှန်းရေးဆရာ၊ စာရေးဆရာ Marcus Goodrich နဲ့ သားတဦး၊ ဒုတိယအိမ်ထောင် Paris Match မဂ္ဂဇင်းရဲ့ အမှုဆောင်အယ်ဒီတာ Pierre Galante နဲ့ ရရှိခဲ့တဲ့ သမီးတဦး ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up