ဘန်ကောက်တွင် ကာတွန်းကားဇာတ်ဝင်သီချင်းကိုသီဆို၍ ထိုင်းလူငယ်များ အစိုးရကို ဆန္ဒပြ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ဇူလိုင် ၂၆ ရက်က ရာနဲ့ချီတဲ့ လူငယ်တွေက အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင်ပတ်လည်မှာရှိတဲ့ လမ်းတွေပေါ် ချီတက်ရင်း ဂျပန်ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို စာသားတွေကို ပြင်ပြီး သီဆို ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို ဖြုန်းတာရပ်ဖို့ကိုလဲ အစိုးရကို ဆော်သြခဲ့ပါတယ်။
ဟမ်တာရိုကာတွန်းရုပ်ရှင်ထဲက အဓိက ဇာတ်ဆောင် ဖြစ်ပြီး စက်ဝိုင်းဘီးတွေထဲမှာ ပြေးနေရတဲ့ အမြီးတိုပါးတွဲ ကြွက်ကလေး ဟမ်းစတာဆီက ဉာဏ်ကွန့်မြူး လှုံ့ဆော်မှုကို နမူနာယူပြီး ထိုင်းလူငယ်တွေက ဆန္ဒပြခဲ့ကြတာပါ။
လွှတ်တော်ဖျက်သိမ်းပေး၊ အာဏာပိုင်တွေနုတ်ထွက်ပေး စတဲ့ ကြွေးကြော်သံတွေကိုလည်း ထိုင်းလူငယ်တွေက ဟစ်ကြွေးခဲ့ပါတယ်။
ဒါဟာ လွတ်လပ်သောလူငယ်များလှုပ်ရှားမှုအတွင်း ဆန္ဒပြပွဲတွေထဲက တရပ်ဖြစ်ပြီး လွှတ်တော်ဖျက်သိမ်းရေး၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်မှုအဆုံးသတ်ရေးနဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက် ၃ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။