တောင်ကိုရီးယားကနေ မြောက်ကိုရီးယားထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာတဲ့ လူတယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ သံသယရှိတာကြောင့် မြောက်ကိုရီးယာ်ခေါင်းဆောင် ကင်ဂျုံအန်းဟာ အရေးပေါ် ပေါ်လစ်ဗျုရိုအစည်းအဝေးကို ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၂၆ မှာ ဖော်ပြခဲ့ပါတယ်။
သံသယဖြစ်သူဟာ တကယ်ကူးစက်ခံရသူဖြစ်ခဲ့ရင်တော့ ဒါဟာ မြောက်ကိုရီးယားအာဏာ ပိုင်တွေက တရားဝင်အသိအမှတ်ပြုထုတ်ပြန်တဲ့ နိုင်ငံရဲ့ပထမဆုံး ကိုဗစ်-၁၉ လူနာတွေ့ရှိမှု ဖြစ်လာမှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ နယ်စပ်မြို့ ကေဆောင်မှာ အရေးပေါ်အခြေအနေ ကြေညာပြီး အသွားအလာအဝင်အထွက် ပိတ်ဆို့မှု လော့ဒေါင်းချထားတယ်လို့ ဆိုပါတယ်။
ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ဟာ နိုင်ငံထဲဝင်လာပြီလို့ သူက ပြောတာကိုလည်း နိုင်ငံ ပိုင်သတင်းဌာန ကေစီအန်အေက ဖော်ပြပါတယ်။
ကူးစက်ခံရတယ်လို့ သံသယရှိသူဟာ တောင်ကိုရီးယားကို ပြီးခဲ့တဲ့သုံးနှစ်က သွား ရောက်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်မှာ နယ်စပ်ကို တရားမဝင်ဖြတ်ပြီး ပြန်လာတာလို့လည်း မြောက်ကိုရီးယား မီဒီယာကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။