Home
မြန်မာသတင်း
ကြိုတင်မဲပေးရေး သံအမတ်ကြီးနှင့် ဂျပန်ရောက်မြန်မာများ ဆွေးနွေး
ဇော်ဇော်လှိုင်
·
July 26, 2020
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ကြိုတင်မဲဆန္ဒပေးနိုင်ဖို့ ပုံစံ ၁၅ တွေကို ကျယ်ကျယ်ပြန့်ပြန် ဖြန့်ဝေပေးဖို့အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်တွေနဲ့ မြန်မာသံအမတ်ကြီးတို့ တိုကျိုမြို့ မြန်မာသံရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ အားလုံးမဲပေးပိုင်ခွင့်ရဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း တာ၀န်ရှိသူ ဦးသန်းဆွေက ဒီဗွီဘီကို ပြောပြပါတယ်။ “ဂျပန်မှာက တခြားနိုင်ငံတွေနဲ့ မတူတာက ဒီမှာရောက်နေသူတွေက နိုင်ငံကူးလက်မှတ်ရှိသူတွေ မရှိသူတွေ၊ နောက် စစ်အစိုးရလက်ထက်မှာ နိုင်ငံသားရပ်စဲခံထားရသူတွေ၊ ရုပ်သိမ်းခံထားရသူတွေ၊ ပြန်လျှောက်ထားသူတွေ၊ နေထိုင်ခွင့် မရှိသူတွေ၊ ၃ လ တို့ ၆ လတို့ပဲ ရှိသူတွေ အများကြီးရှိနေကြတယ်။ ဒါပေမဲ့ ဒီလူတွေက မြန်မာနိုင်ငံသားတွေဖြစ်လို့ မဲပေးနိုင်ခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ပါတယ်” လို့  ပြောပါတယ်။ မြန်မာသံအမတ်ကြီး ဦးမြင့်သူအနေနဲ့ အခုလို ဆွေးနွေးပေးတာကြောင့် ဂျပန်ရောက်မြန်မာနိုင်သားတွေ အရင် ၂၀၁၅ ကထက် ပိုမိုဆန္ဒမဲပေးနိုင်မယ်လို့ ဆိုပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ လူငယ်လုပ်အားပေး ကိုယ်စားလှယ်တဦးအဖြစ် တက်ရောက်ခဲ့တဲ့ ကိုမျိုးစန်းဦးက “လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုကျိုကို လာခွင့်မရှိသူတွေ၊ မလာနိုင်သူတွေကို စာတိုက်ကနေ ချိတ်ပိတ်ပေးပို့တဲ့ပုံစံကို ကျနော် အကြံပြု ဆွေးနွေးတင်ပြခဲ့တယ်။ မြန်မာသံအမတ်ကြီးကလည်း သက်ဆိုင်ရာကို ပြန်လည်တင်ပြပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်”  ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေအနေနဲ့ ပုံစံ ၁၅ နဲ့ အထောက်အထား စာရွက်စာတမ်းတွေအား မြန်မာသံရုံးကို ဩဂုတ် ၅ ရက်မတိုင်မီ ပေးပို့ရမှာဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်တုန်းက ဂျပန်မှာ မြန်မာနိုင်ငံသား ၈၇၂ ဦး မဲပေးနိုင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024