ပေါင်မြို့နယ်ရှိ အခြေခံလူတန်းစား ၁ သောင်းကျော်ကို တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်
DVB
·
July 26, 2020
သထုံခရိုင်၊ ပေါင်မြို့နယ်ထဲက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၁၁,၈၁၉ စုကို ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက နိုင်ငံတော်ထောက်ပံ့ငွေ တတိယအကြိမ်ပေးအပ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာလ ပေါင်မြို့နယ်အတွင်းက ပုံမှန်ဝင်မရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတစုကို ငွေကျပ် ၂ သောင်းနှုန်းနဲ့ ရပ်ကွက်ကျေးရွာပေါင်း ၅၈ ခုမှ အိမ်ထောင်စုပေါင်း ၁၁,၈၁၉ စုကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၂၃၆,၃၈၀,၀၀၀ ကို ပေးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က DVB ကို ပြောပါတယ်။
“ပထမအကြိမ်တုန်းက အိမ်ထောင်စုပေါင်း ၄၅၂၄ စုကို ပစ္စည်း ၅ မျိုးကို ပေးဝေခဲ့ပြီး ကျန်ခဲ့တဲ့သူတွေကိုတော့ ဒုတိယအကြိမ် ငွေကျပ် ၁၅၀၀၀ စီ ပြန်လည်ထောက်ပံ့ပေးတဲ့နေရာမှာ အိမ်ထောင်စုပေါင်း ၇၂၉၅ စု ရရှိခဲ့ပါတယ်။ အခုတတိယအကြိမ်ကျတော့ နှစ်ကြိမ်လုံးမှာ ရထားခဲ့တဲ့သူတွေကို အိမ်ထောင်စုတစ်စုကို ၂ သောင်းနှုန်းနဲ့ ပြန်လည်ထောက်ပံ့ပေးခဲ့တာပါ။”
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ထောက်ပံ့ငွေလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ယူမင်းစိုး