Homeမြန်မာသတင်း
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ချိတ်ဆက်မည့် မကျီးဇင်တံတား ၉၅ ရာခိုင်နှုန်း ပြီးစီး
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ချိတ်ဆက်မည့် မကျီးဇင်တံတား ၉၅ ရာခိုင်နှုန်း ပြီးစီး
DVB
·
July 26, 2020
ဧရာဝတီတိုင်း၊ ကမ်းခြေပတ်လမ်းပေါ်က မကျီးဇင်တံတား တည်ဆောက်နေတာ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ တံတားတည်ဆောက်ရေးအထူးအဖွဲ့ ၁၅ ကနေ သိရှိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်မယ့် ကမ်းခြေပတ်လမ်းမှာ မကျီးဇင်တံတား၊ ရွှေသောင်ယံတံတားနဲ့ ချောင်းဝတံတားတို့လည်း ပါရှိတယ်လို့ သိရှိရပါတယ်။ ရွှေသောင်ယံတံတားကတော့ ၂၀၁၉ ခုနှစ်မှာ တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက “တံတား အဓိက ရည်ရွယ်ချက်က ကမ်းခြေကို ဖွံ့ဖြိုးဖို့အတွက် တံတားတွေ ဆောက်တဲ့အခါ တစိတ်တဒေသဖြစ်ဖို့ ဆောက်တာ။ တိုင်း ဘတ်ဂျက်နဲ့ ဆောက်တာပါ။ ဘတ်ဂျက်ကာလအတွင်းမှာ ပြီးသွားမယ်။ အနောက်ဘက်ကမ်းခြေတလျှောက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်သွားမယ်။ ဒီမှာ မီးလင်းချိုင့် စီမံကိန်းလည်း ရှိမယ်။ လမ်းတလျှောက်ကို လျှပ်စစ်ပေးနိုင်မယ်ဆိုရင် လုပ်ငန်းအလတ်စားတွေ ရေထွက်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ အများကြီး တိုးတက်သွားနိုင်တယ်” လို့ ပြောပါတယ်။
တံတားတည်ဆောက်ရေးအထူးအဖွဲ့ ၁၅ မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဦးက “တံတားအပိုင်းအနေနဲ့က ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးပါပြီ။ လမ်းအနေနဲ့ ရာသီဥတုပေါ် မူတည်ပြီး ဆောင်ရွက်တဲ့အတွက် ခန့်မှန်း ၈ လပိုင်းအကုန်လောက်ဆိုရင်တော့ ရာခိုင်နှုန်းအပြည့်နီးပါး ပြီးသွားမယ်” လို့ ပြောပါတယ်။
မကျီးဇင်တံတားမှာ ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာ၊ ကျောက်ချွန်၊ ဂွလမ်းတွေ ပါဝင်ပါတယ်။ တံတား အရှည် ပေ ၅၅၁.၂ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန် တန် ၆၀ ရှိတဲ့ သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။ တိုင်းဒေသကြီး ဘတ်ဂျက် ကျပ်သန်း ၂၆၀၀ အကုန်အကျခံပြီး တံတားတည်ဆောက်ထားတာပါ။
မကျီးဇင်တံတားကို တံတားတည်ဆောက်ရေးအဖွဲ့ကြပ်၊ တံတားအထူးအဖွဲ့ ၁၅ က တာဝန်ယူပြီး ၂ နှစ်ကြာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။