ရှမ်းပြည်နယ်တွင် ဘာသာလေးခု ဘုရားကျောင်းတက် ဝတ်ပြုခြင်း ပြန်လည်ခွင့်ပြု
DVB
·
July 26, 2020
ရှမ်းပြည်နယ်မှာ ဘာသာလေးခုလုံး ဘုရားကျောင်းတက် ဝတ်ပြုတာကို ဇူလိုင် ၂၄ ရက်နေ့ကစပြီး ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုလိုက်ပါတယ်။
ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်နဲ့အညီ ဘုရားကျောင်းတက်တာ၊ ဘုရားဝတ်ပြုတာတွေကို မနက် ၅ နာရီကနေ ည ၇ နာရီအတွင်း ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က “သာသနာရေးရာ အကုန်ပါတယ်။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ စနစ်တကျ ဖွင့်ဖို့ပေါ့။ ဓမ္မာရုံတွေလည်း ပါတယ်။ ဘုန်းကြီးကျောင်းတက်ရင် ခွဲတက်ပေါ့။ တခြားဘာသာ ဘုရားဝတ်ပြုလည်း အတူတူပဲ။ ကျန်းမာရေးနဲ့အညီ လုပ်ဆောင်ဖို့ပေါ့။ မညီရင် တနေ့ ပြန်ပိတ်မှာ။ ဘာသာတိုင်း အတူတူပဲ။ ကျန်းမာရေးနဲ့ညီအောင်လုပ်ဖို့ ပြောထားတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက်က စာထုတ်ညွှန်ကြားခဲ့တာဖြစ်ပြီး ည ၇ နာရီမှာ ပိတ်ပြီးလို့ လိုအပ်ရင် ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။
ညောင်ရွှေမြို့ ဖောင်တော်ဦးဘုရားကိုတော့ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။
ညောင်ရွှေမြို့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးမှူး နေမျိုးသူရိန်က “၂၄ ရက်က အစိုးရက ညွှန်ကြားစာ ထုတ်လိုက်တာပေါ့နော်။ ဒီဘက်မှာက ဖွင့်ဖို့အဆင်သင့် မဖြစ်သေးဘူး။ ဘုရားပိတ်ထားတာလည်းကြာပြီဆိုတော့ ဘုရားအနေကဇာတင်ဖို့ လုပ်ရဦးမယ်။ ကိုဗစ် ကာကွယ်ဖို့အတွက် လက်ဆေးဘေစင်တွေ လုပ်ရဦးမယ်။ ပြန်ဆင်ရဦးမှာဖြစ်တဲ့အတွက် မြို့နယ် သံဃနာယကအဖွဲ့နဲ့ ဂေါပကအဖွဲ့တို့ အစည်းအဝေးလုပ်ပြီး ၃၁ ရက်နေ့မှ ပြန်ဖွင့်မယ်” လို့ ဆိုပါတယ်။
တောင်ကြီးမြို့ပေါ်က ဘုရားစေတီပုထိုးတွေ၊ ဘာသာရေး အဆောက်အအုံတွေကတော့ ဇူလိုင် ၂၄ ရက်က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ခွန်ရာဇာ