လူနာသစ် ၃၄၈ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပို့ပြီးပြန်လာသည့် စက်လှေသမားဖြစ်
DVB
·
July 26, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ် ၃၄၈ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ပို့ပြန်လာတဲ့ စက်လှေသမားဖြစ်ပြီး အသွားအလာကန့်သတ်ထားသူ ဖြစ်တယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက DVB ကို ပြောပါတယ်။
“အခုပိုးတွေ့တဲ့လူနာသစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ပို့ပြန်လာသူ မော်တောဘုတ်သမား ဖြစ်တယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက Quarantine ထားရှိခဲ့စဉ် လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ တို့နဲ့ အတူနေထိုင်ခဲ့တာ ဖြစ်တယ်။ ကုန်ပို့ပြန်လာသူ မော်တော်ဘုတ်သမား ၁၇ ဦးကို ပထမအကြိမ် စစ်ဆေးတဲ့အခါ ၂ ဦး ပိုးတွေ့တယ်။ ကျန် ၁၅ ဦးကို အခု ဒုတိယအကြိမ် စစ်ဆေးတဲ့အခါ ၁ ဦး ထပ်တွေ့တာ ဖြစ်တယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြန်လာတဲ့ မော်တော်ဘုတ်သမား ၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဇူလိုင်လ ၁၀ ရက်နေ့ စစ်ဆေးချက်အရ လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ တို့ ၂ ဦး ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနောက် ကျန်ရှိ ၁၅ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ မောင်တောမြို့က လူနာသစ် အမှတ် ၃၄၈ မှာ ရောဂါတွေ့ရှိတယ်လို့ ဇူလိုင် ၂၅ ရက်နေ ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ ထိတွေ့ခဲ့သူ အယောက် ၂၀ ကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၆ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၃ ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူးစက်ခံရသူ လူနာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။
လင်းလက်