တပ်တွင်း မဲရုံအချို့ အပြင်မထုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော
DVB
·
July 26, 2020
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နယ်မြေအနေအထားအရ တပ်တွင်း မဲရုံအချို့ကို အပြင်မထုတ်ဘဲ တပ်တွင်းမှာ ထားရှိမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“တချို့မဲရုံတွေမှာ အပြင်ထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ တချို့မဲရုံတွေကတော့ ဒီတပ်ပဲ သီးသန့်ရှိနေတဲ့ဟာတွေမှာ အပြင်မထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့က ယခင်အခါက ပြောပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေအတိုင်း ကျနော်တို့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်။”
တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်းတွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ရက်အတိုင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဇူလိုင် ၂၅ ရက်နေ့အထိ တပ်မတော်ကနေ အနားယူသူ မရှိသေးဘူးလို့ ဇူလိုင် ၂၅ ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ တပ်မတော်က အဆင့်မြင့်အရာရှိကြီးတွေအနေနဲ့ ရာထူးက အနားယူပြီး အများစုက ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
အနီးစပ်ဆုံးဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အဲ့ဒီအချိန်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ အပါအဝင် တပ်က အဆင့်မြင့်အရာရှိကြီးတွေ ရာထူးက အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။
အခုရွေးကောက်ပွဲမှာတော့ လက်ရှိအချိန်ထိ တပ်က အငြိမ်းစားယူသူ မရှိသေးသလို ရှိလာခဲ့ရင်လည်း အရင်အကြိမ်တွေကလို မဖြစ်နိုင်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အခုချိန်ထိတော့ အငြိမ်းစား ယူသွားတာတို့ ဘာတို့ မရှိသေးဘူး။ နံပါတ် ၂ အချက်ကတော့ အရင်လို မဖြစ်ပါဘူးလို့ ပြောချင်တယ်။”
နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကို ဇူလိုင် ၂၀ ရက်ကနေ ဩဂုတ် ၇ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာရင်းတင်သွင်းနိုင်နေပြီဖြစ်ပြီး အာဏာရပါတီ အန်အယ်လ်ဒီကတော့ ရွေးကောက်ပွဲဝင်မယ့် သူတို့ရဲ့ လူစာရင်းကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
ဒါပေမဲ့ အတိုက်အခံ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ ဩဂုတ် ပထမပတ်မှ သူတို့ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ကြေညာမယ်လို့ ပြောထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)