ထိုင်းကပြန်လာသူ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 26, 2020
ထိုင်းနိုင်ငံက ပြန်လာတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၅၀ ခုအား စစ်ဆေးချက်အရ လူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ်အမှတ် ၃၄၉ ဟာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက် မြဝတီမြို့မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၁,၁၈၁ ခု စစ်ဆေးရာမှာလည်း အမေရိကန်ကပြန်လာသူ ရန်ကင်းမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ မောင်တောမြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၈၈ ဦး၊ အဲဒီထဲက ဆေးရုံက ဆင်းခွင့်ပြုထားပြီးသူ ၂၆၉ ဦးနဲ့ စောင့်ကြည့်လူနာသစ် အယောက် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ သန်းကျော်၊ သေဆုံးသူ ၆၄၀၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၉ ဒသမ ၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။