ဆီးဂိမ်းပြိုင်ပွဲ ဖိလစ်ပိုင်က ကစားသမားအနည်းငယ်သာ လွှတ်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီနှစ်ကုန်ပိုင်းမှာ လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကို အားကစားသမား အရေအတွက် အယောက်   ၃၀ ကနေ ၅၀ လောက်ပဲ  စေလွှတ် ယှဉ်ပြိုင်မယ်လို့ ဖိလစ်ပိုင်က ပြောကြားလိုက်ပါတယ်။ အိမ်ရှင်မြန်မာအနေနဲ့ အဓိကအားကစားနည်းတွေကို ထည့်သွင်း ကျင်းပခြင်း မရှိဘဲ ချန်လှပ်ထားတာဟာ တရားမျှတမှုမရှိတဲ့အတွက်  ဆန္ဒပြတဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဖိလစ်ပိုင် အားကစားကော်မရှင်ဥက္ကဋ္ဌ ရီချီဂါစီယာ (Richie Garcia) က အေအက်ပီသတင်းဌာနကို ပြောပါတယ်။ ဒါပြင်  လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် မြန်မာဆီးဂိမ်းပွဲကို သူကိုယ်တိုင်လည်း သွားရောက်မှာ မဟုတ်သလို အားကစားကော်မရှင်အဖွဲ့ဝင်တွေကိုလည်း မသွားဘဲ သပိတ်မှောက်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ  အားကစားဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံ ဦးဌေးအောင်က တရားဝင် အကြောင်းကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ “ဖိလစ်ပိုင်အိုလံပစ် ကော်မတီအနေနဲ့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို သူတို့လိုလားချက်တွေ ညှိနှိုင်းဆွေးနွေး အကြောင်းကြားတာ လုပ်ရမယ်။ သူတို့ ဟိုပြောဒီပြောပြောတာကို တရားဝင်ဖြေလို့လည်း မရဘူး။ ဖြေခွင့်လည်း မရှိဘူး။ အားလုံးသဘောတူပြီးလို့ အားလုံး ဆုံးဖြတ်ချက်အရ ဆက်သွားနေတာပါ။ တရားမ၀င် ဟိုပြောဒီပြောတွေကို လိုက်မဖြေပါဘူး။” မြန်မာပြည်မှာ လုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းထားတဲ့ ရိုးရာအားကစားနည်းတွေနဲ့ ပတ်သက်လို့လည်းသူက ခုလို ရှင်းပြပါတယ်။ “ဆီးဂိမ်းပြိုင်ပွဲမှာ Category  1 ဆို အိုလံပစ်အားကစားနည်း ဘယ်နမျိုး ထည့်သွင်းခွင့်ရှိတယ်။ Category 2 ဆို ရိုးရာအားကစားနည်းပေါ့။ အာရှနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပလေ့ရှိတဲ့ အားကစားနည်းများပါ။ ပန်ကတ်စီလတ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ရိုးရာအားကစားနည်းမဟုတ်ဘူး၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုးရာအားကစားနည်း။  ဗိုဗီနမ်ဆိုတာ ဗီယက်နမ်ရဲ့ ရိုးရာအားကစားနည်း၊ မွေဆိုတာ ထိုင်းနိုင်ငံရဲ့ ရိုးရာအားကစားနည်း၊ သက်ဆိုင်ရာ နိုင်ငံတွေက တောင်းဆိုလို့ ထည့်သွင်းပေးတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာအားကစားနည်းပဲ ထည့်တာမဟုတ်ဘူး။ အာဆီယံနိုင်ငံတွေရဲ့ ရိုးရာအားကစားနည်း ၈ မျိုး၊ ဒါဟာ ၈မျိုးထက်မပိုဘဲ ထည့်သွင်းကျင်းပခွင့်ရှိသည်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းအရ ထည့်ပေးတာ။” ဖိလစ်ပိုင်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားသမား ၅၁၂ ဦး စေလွှတ် ယှဉ်ပြိုင်စေခဲ့တာပါ။ မြန်မာအားကစားအဖွဲ့ချုပ်ကတော့  တင်းနစ်နဲ့ ကျွမ်းဘားလို အိုလံပစ်အားကစားနည်းတွေကို ထည့်သွင်းမကျင်းပဖို့ အာဆီယံအားကစားအဖွဲ့တွေက ကိုယ်စားလှယ်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့  ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ  ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၂ ရက်အထိ မြန်မာပြည်မှာ လုပ်မယ့် ဆီးဂိမ်းမှာ အားကစား နည်း ၃၃ မျိုး ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ အားကစားနည်း ၃၃ မျိုးမှာ (၁) ပြေးခုန်ပစ်၊ (၂) ရေကူး၊ (၃) မြားပစ်၊ (၄) ဘတ်စကက်ဘော၊ (၅) ကာယအလှ၊ (၆) ကြက်တောင်၊ (၇) ဘိလိယက်နဲ့ စနူကာ၊ (၈) လက်ဝှေ့၊ (၉) ကနူးလှေ၊ (၁၀) စက်ဘီး၊ (၁၁) စစ်တုရင်၊ (၁၂) မြင်းစီး၊ (၁၃) ဘောလုံးနဲ့ ဖူဆယ်လ်ဘောလုံး၊ (၁၄) ဂေါက်၊ (၁၅) ဟော်ကီ၊ (၁၆) ဂျူဒို၊ (၁၇) ကရာတေးဒို၊ (၁၈) ကမ်ပိုရိုးရာ သိုင်း၊ (၁၉) မွေထိုင်းလက်ဝှေ့၊ (၂၀) ပန်ကက်စီလတ် အင်ဒိုနီးရှားသိုင်း၊ (၂၁) ပီတန်း သံလုံးပစ် အားကစားနည်း၊ (၂၂) အနောက်တိုင်းလှေလှော်၊ (၂၃) ပိုက်ကျော်ခြင်းနဲ့ မြန်မာ့ခြင်း၊ (၂၄) သေနတ် ပစ်၊ (၂၅) ရွက်လှေ၊ (၂၆) စားပွဲတင်တင်းနစ်၊ (၂၇) တိုက်ကွမ်ဒို၊ (၂၈) ရိုးရာလှေလှော်၊ (၂၉) ဘော်လီ ဘော၊ (၃၀) ဗိုဗီနမ် (ဗီယက်နမ်သိုင်း)၊ (၃၁) အလေးမ၊ (၃၂) နပန်းနှင့် (၃၃) ဝူရှူး တို့ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up