ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အပါအဝင် ဝန်ကြီးဟောင်းများ ဧရာဝတီတိုင်းတွင် ယှဉ်ပြိုင်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အပါအဝင် ပြည်ထောင်စုဝန်ကြီးတချို့ ဧရာဝတီတိုင်း မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ လူကောင်းတွေကို နိုင်ငံအနာဂတ်အတွက် မဲဆန္ဒနယ်ပြည်သူတွေက ရွေးချယ်ပေးဖို့နဲ့ ကောင်းတဲ့လူတွေနဲ့ စုဖွဲ့တဲ့ လွှတ်တော်ကြီးဖြစ်ချင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းကိုက ပြောပါတယ်။
“အရေးကြီးဆုံးနဲ့ ကျနော် တင်ပြချင်တာကတော့ အခြားပါတီတွေက ကောင်းတယ်ဆိုပြီး တင်ပြလာတဲ့ လူတွေထဲက ကောင်းတဲ့လူတွေကို ရွေးပေးပြီး အဲဒီကောင်းတဲ့လူတွေနဲ့စုဖွဲ့တဲ့ လွှတ်တော်ကြီးဖြစ်ချင်တယ်၊ ကောင်းတဲ့အစိုးရ ဖြစ်ချင်တယ်” လို့ ပြောပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပါတီကို တအားကြည့်မနေဘဲ လူကောင်းတွေကို အနာဂတ်အတွက် ရွေးပေးစေချင်ပြီး ပြည်သူတွေရွေးမယ့် မဲနဲ့ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးစေချင်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှာ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းခြင်း မရှိသေးသလို လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ဇူလိုင် ၂၅ ရက်နေ့ ထုတ်ပြန်ကြေညာပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)