
“သဘာဝဘေးဖြစ်ပေါ်လာခဲ့ရင် လူငယ်တွေစုပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်နိုင်အောင် ရေနစ်တဲ့သူကို တစ်ယောက်သယ်နည်း၊ အစုလိုက်အဖွဲ့လိုက် သယ်နည်းတွေကို သင်ကြားပေးပါတယ်။ အဓိကကတော့ လူငယ်တွေ အရက်၊ ဘီယာ၊ မူးယစ်ဆေးသုံးတာ ပပျောက်ပြီး ကယ်ဆယ်ရေးမှာ စိတ်ဝင်စားလာပြီး အခုသင်ပေးလိုက်တဲ့ပညာတွေကို မိမိဒေသမှာ ဆင့်ပွားပို့ချကာ နိုင်ငံတော်နဲ့ပြည်သူအတွက် အကျိုးပြုနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းက ပရဟိတ အဖွဲ့ဝင် ၂၆ ဦးကို ရေဘေးကယ်ဆယ်ရေေအနေနဲ့ ပထမဦးဆုံး သင်ကြားပေးတာဖြစ်ပြီး မိမိတတ်မြောက်တဲ့ပညာနဲ့ ရပ်ရွာပြည်သူနဲ့ မိသားစုဝင်တွေကို အကာကွယ်ပေးနိုင်မယ်လို့ မကွေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုအောင်မျိုးနိုင်က ပြောပါတယ်။
“ပရဟိတ အဖွဲ့တွေအများကြီး ရှိပေမဲ့ လူနာကို ကယ်ယူတဲ့နေရာမှာ မိမိကြောင့် ထိခိုက်မှုမရှိအောင် ရှေးဦးသူနာ ပြုစုနည်းတွေနဲ့ ကယ်ရမှာဖြစ်ပြီး စနစ်တကျကယ်ယူနိုင်အောင် သင်တန်းတွေ အများကြီး ပေးဖို့ လိုအပ်ပါတယ်။”
အခုသင်ကြားပေးတဲ့ပညာတွေနဲ့ ဧရာဝတီမြစ်အတွင်းမှာ ဇာတ်တိုက်လေ့ကျင့်မှာဖြစ်ပြီး မကွေးတိုင်းအတွင်းက ပရဟိတအဖွဲ့တွေအနေနဲ့ ကယ်ဆယ်ရေးသင်တန်းတွေ ဖွင့်လှစ်လိုရင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီး အဖွဲ့ခွဲကို ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။
မင်းထီး