မဲဆန္ဒရှင်စာရင်းများ ယနေ့ စတင်ကပ်ထား
DVB
·
July 25, 2020
လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဒီနေ့ ဇူလိုင် ၂၅ ရက်မှာ စတင်ကပ်ထားပြီ ဖြစ်ပါတယ်။
၁၄ ရက်ကြာ ကပ်ထားမှာဖြစ်လို့ သြဂုတ် ၇ ရက်နေ့အထိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေ၊ ကျေးရွာတွေမှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ နာမည်ဟာ မဲစာရင်းမှာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
မဲစာရင်းထဲမှာ မပါသင့်သူ တယောက်ပါနေတာ၊ ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ဒီ ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်စာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်လို့ အိမ်ထောင်စုတစုမှာ အနည်းဆုံးတယောက်တော့ လာရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။
အခု စာရင်းတွေကို ပြင်ဆင်ပြီးရင် လာမယ့် အောက်တိုဘာလထဲမှာ နောက်တကြိမ် ၁၄ ကြာ ကြေညာကပ်ထားမှာဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။