တအိမ်ထောင် ကလေး ၂ ယောက်နှုန်း သတ်မှတ်ချက် ကုလသမဂ္ဂ ရှုတ်ချ
DVB
·
May 31, 2013
မွတ်စလင်မိသားစုတွေအပေါ် တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူခိုင်းတဲ့ မြန်မာအစိုးရရဲ့ သတ်မှတ်ချက်ကို ကုလသမဂ္ဂက ရှုတ်ချလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Eduardo del Buey အီဒူရာဒို ဒယ်လ်ဗွေးက မနေ့က ကြေညာချက် ထုတ်ပြန်ပြီး ရှုတ်ချလိုက်တာပါ။
ဒီကြေညာချက်မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲယူဖို့ တားမြစ်ပိတ်ပင်ထားချက်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီလိုလုပ်ဆောင်ချက်တွေကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာအစိုးရက ရခိုင်ပြည်နယ်ထဲက မြို့တွေ အထူးသဖြင့် မွတ်စလင် လူဦးရေ အလျင်အမြန် ပြန့်ပွားနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေ တအိမ်ထောင် ကလေး ၂ ယောက်ပဲယူဖို့ စစ်အစိုးရလက်ထက်ကတည်းကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဘာသာရေးအုပ်စုတခုအပေါ်မှာ ခုလို ပိတ်ပင်ထားတဲ့ မူဝါဒချမှတ်တာဟာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်း ရှိတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။
ဒါပေမယ့် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း လူဦးရေဖောင်းပွမှုကို တားဆီးဖို့ တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူရမယ်ဆိုတဲ့မူဝါဒ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။