မြို့တော်ဝန်အမိန့်ဖြင့် ချီကာဂိုပန်းခြံမှ ကိုလံဘတ်ရုပ်တု ဖယ်ရှား
ချီကာဂိုမြို့တော်ဝန်ရဲ့ အုပ်ချုပ်ရေးအမိန့်နဲ့ အီတလီစူးစမ်းရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ် ရုပ်တုကို ဇူလိုင်လ ၂၄ ရက်မှာ ချီကာဂိုပန်းခြံကနေ ဖယ်ရှားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလို ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ ထပ်မပေါ်ပေါက်စေဖို့ ဂရန့်ပန်းခြံကနေ ကိုလံဘတ်ရုပ်တုကို ဖယ်ရှားဖို့ ဒီမိုကရက်တဦးဖြစ်တဲ့ လိုရီ လိုက်ဖူးဒ်က ညွှန်ကြားခဲ့တာပါ။
ကိုလံဘတ်စ်ရဲ့ အမေရိက စူးစမ်းရှာဖွေရေး ခရီးစဉ်ဟာ အမေရိကတိုက်ကို ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ပြီး သူတို့ရဲ့ဌာနေ အမေရိကန် ဘိုးဘေးတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုကာ ကိုလံဘတ်စ်အပေါ် ဂုဏ်ပြုတာကို ဌာနေ အမေရိကန်တက်ကြွလှုပ်ရှားသူတွေက အရင်ကတည်းက ကန့်ကွက်နေတာပါ။
မကြာသေးခင် သီတင်းပတ်တွေကပဲ အမေရိကန်နိုင်ငံတဝန်းမှာ ကိုလံဘတ်စ် ရုပ်တုတွေကို ကွန်ဖက်ဒရိတ်ရုပ်တုတွေနဲ့အတူ ဖယ်ရှားပစ်ခဲ့ပါတယ်။
သမ္မတ ထရမ့်က ရုပ်တုတွေ ဖယ်ရှားတဲ့ စိတ်ကူးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီမိုကရက်တွေဟာ အမေရိကန်သမိုင်းကို ဖျောက်ဖျက်ပစ်လိုတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။