ထိုင်းကျောင်းသားများက ဝန်ကြီးချုပ် ပရာယုဒ်၏ ဓာတ်ပုံများကို မီးရှို့ ဆန္ဒပြ

1.1K
ထိုင်းနိုင်ငံမှာ လက်ရှိအစိုးရပေါ်မကျေနပ်မှုတွေ တနေ့တခြားမြင့်တက်နေပြီး ဆန္ဒပြမှုတွေလည်း နေ့စဉ်လိုရှိနေရာမှာ ကနေ့မနက်မှာတော့ ကျောင်းသားများသမဂ္ဂက ဘန်ကောက် အစိုးရအိမ်တော်ရှေ့မှာ သွားရောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားနဲ့ ဒုဝန်ကြီး ပရဝစ် ဝုန်းဆုဝမ်း တို့ရဲ့ ဓာတ်ပုံတွေကိုလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရှေ့မှာဘဲ မီးရှို့ပြခဲ့ပြီး လက်ရှိ အစိုးရဟာ အုပ်ချုပ်မှု စီမံခန့်ခွဲရေးညံ့ဖျင်းတာကြောင့် နိုင်ငံ့စီးပွါးရေးလည်းကျဆင်းပြီး ပြည်သူတွေဒုက္ခရောက်နေတယ်လို့ ကျောင်းသားတွေက ထုတ်ပြန်ကြေညာပါတယ်။
အစိုးရဟာ ခရိုနီလုပ်ငန်းရှင်တွေဘက် မျက်နှာလိုက်ကြောင်း ၊ မဲဆွယ်စဉ်က ပြည်သူတွေကို ပေးထားတဲ့ကတိကဝတ်တွေလည်း ပျက်ကွက်ခဲ့ကြောင်း ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်လာတဲ့ အခြေအနေကို မထိန်းချုပ်နိုင်တဲ့ပြင် ပြည်သူတွေကို အလုပ်လက်မဲ့ဘဝ ကျရောက်စေကြောင်း၊ အစိုးရနဲ့ အမြင်သဘောထားချင်းမတူတဲ့ သူတွေ ဖမ်းဆီးခံရကာ၊ လူမသိသူမသိ ပျောက်ဆုံးနေသူ ၉ ဦးရှိသွားတဲ့အပေါ် တရားခံကို ရှာဖွေဖမ်းဆီးပေးခြင်းမရှိဘဲ မျက်ကွယ်ပြုထားကြောင်း စတဲ့အချက်တွေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီနေရာကို အင်အား ၂၀၀ လောက်ရှိတဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေ လာရောက်ဝိုင်းရံထားပြီး တာဝန်ရှိ ရဲမှူးကြီးတစ်ဦးက ကျောင်းသားတွေကို ဆူပူဆန္ဒပြခြင်းမပြုဖို့၊ နိုင်ငံ့ခေါင်းဆောင်ရဲ့ ဓာတ်ပုံတွေကို မီးရှို့တာဟာ သူတို့ကိုမထေမဲ့မြင်စော်ကားရာရောက်ပြီး ရာဇဝတ်မှုပါညှိစွန်းကြောင်း ၊ ကျောင်းသားတွေဟာ ရှေ့ရှောက် အနာဂတ်ရှည်လျားတဲ့အတွက် ဒီလိုအန္တရာယ်ရှိ အပြုအမူတွေ မလုပ်ဘဲ မိမိတောင်းဆိုချက်တွေကို အိမ်တော်ရုံးက တာဝန်ရှိသူတွေထံတင်ပြပြီး အေးဆေး စွာညှိနှိုင်းဖို့ ဖျောင်းဖြခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းသားကျောင်းသူတွေက ရဲအရာရှိရဲ့ အပြောကို ဂရုမစိုက်ဘဲ သူတို့ရှေ့မှာဘဲ ဝန်ကြီးချုပ်ဓာတ်ပုံကို မီးရှို့ပြခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်နေချိန်တွင်း ကျောင်းသားတွေရဲ့ ပထမဆုံးဆန္ဒပြမှုဟာ ပြီးခဲ့တဲ့အပတ် စနေနေ့က ဘန်ကောက်မြို့လည်ခေါင် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ စတင်ခဲ့ပြီး အမျိုးသားလွှတ်တော်ဖျက်သိမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးနဲ့ အမြင်ချင်း မတူမှုအပေါ်ဖမ်းဆီးနှိပ်ကွပ်တာတွေ ရပ်တံ့ပေးဖို့ တောင်းဆိုထားပါတယ်။
အဲဒီကစ တက္ကသိုလ်ကျောင်းသားတွေတင်မကဘဲ အထက်တန်းကျောင်းသားလေးတွေပါ ပါဝင်လာပြီး မိမိဒေသအလိုက် စုဝေးဆန္ဒပြနေကြတာပါ။
ကိုးကား - NationTV22 / Thai PBS