ကိုလံဘီယာစစ်ရဟတ်ယာဉ် သူပုန်နယ်မြေတွင် ပျက်ကျ

ကိုလံဘီယာနိုင်ငံ၊ ဂွါဗီယာပြည်နယ်က ဖှားသူပုန် ခွဲထွက်အဖွဲ့တဖွဲ့ လှုပ်ရှားနေတဲ့နေရာမှာ စစ်သည်တွေကို တင်လာတဲ့ UH-60  စစ်ရဟတ်ယာဉ်တစ်စီး  ပျက်ကျလို့ စစ်သည် ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကိုလံဘီယာစစ်တပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တခြားစစ်သည် ၂ ယောက်လည်း ပျောက်နေကာ  ၆ ယောက် ဒဏ်ရာရထားပြီး အလောင်း ၉ လောင်း တွေ့ထားပြီလို့ သမ္မတ အီဗန်ဒူကေးက ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ ဇူလိုင် ၂၁ရက်က တောနက်ထဲမှာ ရဟတ်ယာဉ် ပျက်ကျတဲ့ ဒီဖြစ်ရပ်ကို စစ်အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။ ဖှားသူပုန်အဖွဲ့ခွဲဟာ အစိုးရနဲ့ပဋိပက္ခအဆုံးသတ်ရေး ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီ ချက်ကို ပယ်ချပြီး ဖှားသူပုန်တပ်ထဲကနေ ခွဲထွက် သွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျတဲ့ဒေသထဲမှာ အင်အားကောင်းကောင်း လှုပ်ရှားနေ ပါတယ်။ ဖှားသူပုန်ဟောင်းအုပ်စုတွေဟာ မူးယစ်မှောင်ခိုမှုတွေနဲ့ရွှေအပါအဝင် သတ္ထုတရားမဝင် တူးဖော်မှုတွေကို အာရုံစိုက်လုပ်ကိုင်နေကြပါတယ်။ ကိုလံဘီယာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့မှာ နိုင်ငံတဝန်း ပြောက်ကျားသူပုန်တွေနဲ့ရာဇဝတ်ဂိုဏ်း တွေကို တိုက်ဖို့ ခြေလျင်တပ်တွေကို ထောက်ပံ့ဖို့ UH-60 ရဟတ်ယာဉ် ဒါဇင်ချီ ရှိတယ်လို့ ရိုက်တာက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up