အလွန်အကျူးအောင်ပွဲခံခဲ့သည့် လီဗာပူးပရိသတ် ၉ ဦး ဖမ်းဆီးခံရ

1.1K
လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုပေးပွဲအခမ်းအနားအပြီးမှာ ရဲတပ်ဖွဲ့ရဲ့ အမိန့်တွေကို လိုက်နာခြင်းမရှိဘဲ အလွန်အကျူး အောင်ပွဲခံခဲ့တဲ့ ပရိသတ် ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဇူလိုင် ၂၃ ရက်နေ့က ချဲလ်ဆီးအသင်းကို ၅ ဂိုး ၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ချန်ပီယံဆုဖလားကိုလက်ခံရယူခဲ့ပြီးအောင်ပွဲခံခဲ့ကြတာပါ။
ပရိသတ်တွေကတော့ အန်ဖီးလ်ကွင်းရှေ့နဲ့ ကွင်းခြံစည်းရိုးတွေပေါ်တက်ပြီး အောင်ပွဲခံခဲ့ကြသလို မီးရှူးမီးပန်းတွေနဲ့ မီးခိုးဗုံးတွေလည်း ပစ်ဖောက်ပြီးတော့လည်း အောင်ပွဲခံခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့လာမှာကိုစိုးရိမ်တဲ့အတွက် မာဆေးဆိုဒ်ရဲတပ်ဖွဲ့က ပရိသတ်တွေကို အိမ်မှာပဲ အောင်ပွဲခံကြဖို့နဲ့ လူစုလူဝေးမလုပ်ဖို့ တားမြစ်မိန့်ထားခဲ့တာပါ။
မာဆေးဆိုဒ်ရဲတပ်ဖွဲ့ရဲ့ လက်ထောက်အကြီးအကဲ ပါရစ်ချီနီကတော့ ဖမ်းဆီးထားတဲ့ ၉ ဦးထဲမှာ ခိုက်ရန်ဖြစ်ပွားသူတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေ၊ အရက်မူးသူတွေနဲ့ မူးယစ်ဆေးဝါးသုံးပြီး ကားမောင်းသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
အလားတူ ချန်ပီယံရှစ်မှာချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းပရိသတ်တွေဟာလည်း အလွန်အကျူးအောင်ပွဲခံခဲ့လို့ ပရိသတ် ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။