Home
မြန်မာသတင်း
NLD ကိုယ်စားလှယ်လောင်းများ အနေအထိုင်အပြောအဆို ဆင်ခြင်ရန် ဒေါ်အောင်ဆန်းစုကြည်  သတိပေး 
ပီတာအောင်
·
July 23, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ  သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို ကြည့်ပြီးရွေးချယ်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေ အနေအထိုင်အပြောအဆို ဆင်ခြင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် အန်အယ်လ်ဒီပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာနဲ့ ပတ်သက်လို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌ အနေနဲ့  အန်အယ်လ်ဒီပါတီဝင်တွေကိုရှင်းလင်းပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြား လိုက်တာပါ။ “ကျမတို့ အခုအရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း အပြောအဆို အလုပ်အကိုင်၊ အနေအထိုင် ဆင်ခြင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်ဆိုတာ အခုကတည်းက ကျမ သတိပေးပါရစေ။ ကျမတို့ နို်ငငံရေးဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘောတွေ ရှိတဲ့အခါကျတော့ ဝေဖန်မှုတွေကတော့ ရှိမှာပဲ။ ဒါပေမဲ့ တရားတော်ရဲ့ ဆုံးမချက်နဲ့ အညီ ကျိုးရှိမှန်ကန်သူခံသာတဲ့စကားကို ပြောနိုင်တာတော့ အကောင်းဆုံးပါပဲ။ ကျိုးရှိမှန်ကန်လို့ သူမခံသာတဲ့စကားလည်း တခါတလေတော့ မလွှဲမရှောင်သာလို့ ပြောရမယ်ဆိုရင်လည်း တတ်နိုင်သမျှတော့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ သိက္ခာရှိရှိ ပြောစေချင်ပါတယ်” ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပါတီအပေါ်သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို အဓိကထားပြီး  ရွေးချယ်ခဲ့တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “သစ္စာရှိတယ်ဆိုတာကို အလုပ်နဲ့ပြခဲ့သူများကို ကျမတို့ ဦးစားပေးပြီး ရွေးပါတယ်။ ဟိုဘက်ဒီဘက် ဘယ်သူ့ကို ဆုံးဖြတ်ရမှန်းမသိရင်၊ တစ်ဘက်ကနေ ပြတ်ပြတ်သားသား သာနေရင်တော့ သာနေတဲ့သူကို ရွေးပါတယ်။ ကျမတို့ရဲ့ လူဟောင်းတွေထဲမှာ တချို့ကျတော့ သစ္စာရှိမှုမှာလည်း ကျမတို့ ဘာမှပြောစရာမရှိဘူး၊ အတွေ့အကြုံလည်း ရှိနေပြီ အရည်အချင်းလည်း ရှိတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအရ ၊ အသက်အရွယ်အရ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသူများကိုလည်း ကျမတို့အနေနဲ့ ထားခဲ့ရပါတယ်။ ဒီလိုထားခဲ့ခြင်းအားဖြင့် သူတို့ရဲ့ ကျေးဇူးတွေကို ကျမတို့ မေ့တာမဟုတ်ပါဘူး။ ကျမတို့ အနေနဲ့ အသိအမှတ် မပြုတာလည်း မဟုတ်ပါဘူး။ လက်တွေ့ကျကျ အလုပ်ဖြစ်ဖို့လည်းကျမတို့ စဉ်းစားရပါတယ်။”   အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ထမ်းဆောင်နိုင်ဖို့ အရည်အချင်းတွေ ပြည့်စုံဖို့အတွက်လည်း အဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သမျှ ကြိုးစားပြီးတော့ ပံ့ပိုးပေးပါမယ်လို့ ပါတီ ခေါင်းဆောင်က ပြောပါတယ်။ အရွေးချယ်မခံခဲ့ရတဲ့သူတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံရေးလမ်းဆိုတာ အင်မတန်မှ ရှည်တဲ့လမ်း ဆိုတာသဘောပေါက်စေချင်ကြောင်းနဲ့ ကိုယ့်ရဲ့သိက္ခာကိုပြဖို့ အခွင့်အရေးကြီးပဲ ဆိုတဲ့အမြင်နဲ့ သိက္ခာရှိရှိနဲ့ အဖွဲ့ချုပ်ကို ဆက်ပြီးတော့ ထောက်ခံပံ့ပိုးကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။ “ဒီတခါမှာ မပါဝင်နိုင်ခဲ့သူတွေများဟာ နောင်အတွက် အလားအလာတွေ အများကြီးရှိသေးတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။ တကယ်ပဲ ဒီမိုကရေစီနိုင်ငံရေးကို ယုံကြည်တယ်၊ တကယ်ပဲ ဒီနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်ဆိုရင် တစ်ခါရှုံးရုံနဲ့ စိတ်ပျက်စရာလည်း မရှိပါဘူး။ စိတ်နာစရာလည်းမရှိပါဘူး။ စိတ်ကောက်စရာလည်းမရှိပါဘူး။ ဒါဟာ ပြည်သူတွေကို ကိုယ့်ရဲ့ အရည်အချင်း အစစ်ဟာ ဘာလဲဆိုတာ ပြဖို့ အခွင့်အရေးတခုလို့ပဲ စဉ်းစားစေချင်ပါတယ်” လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းပေါင်း  ၁၁၃၁ ဦးရဲ့စာရင်းကို  NLD ပါတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလွဲလို့ လက်ရှိ ဝန်ကြီးချုပ်တွေအားလုံးနီးပါးနဲ့ လက်ရှိ NLD လွှတ်တော်အမတ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်လည်ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီက လက်ရှိကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်လိုက်တာဟာ ကြီးမားတဲ့ မှားယွင်းလွဲချော်မှုဖြစ်တယ်၊ လက်ရှိကိုယ်စားလှယ်တွေဟာ ပြည်သူလူထုအသံကိုနားထောင်ဖို့နဲ့ ပြည်သူနဲ့တွေ့ဆုံညှိနှိုင်းမှုလုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြည်နယ်တွေမှာ မဲဆန္ဒနယ်အများစုကို လက်လွှတ်ဆုံးရှုံးနိုင်သလို တိုင်းဒေသကြီးတွေမှာလည်း အရှုံး ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ  ဒေါက်တာရန်မျိုသိမ်းက ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်လ်ဒီပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ရွေးချယ်ခဲ့ရာမှာ ယေဘုယျအားဖြင့် မှန်ကန်ကြောင်းနဲ့ လက်တစ်ဆုပ်စာပဲ လမ်းခွဲသွားတာရှိတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ပါတီနာယက သူရ ဦးတင်ဦးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေအနေနဲ့  သူရဦးတင်ဦးကို  စံပြခေါင်းဆောင်အဖြစ် စံနမူနာကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024