Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး စာရင်း NLD ကြေညာ၊ လက်ရှိအမတ် ၈၀ ရာခိုင်နှုန်းပါဝင်  
DVB
·
July 23, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းပေါင်း  ၁၁၃၁ ဦးရဲ့စာရင်းကို  NLD ပါတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး ဦးဖြိုးမင်းသိန်းကလွဲလို့ လက်ရှိ ဝန်ကြီးချုပ်တွေအားလုံးနီးပါးနဲ့ လက်ရှိ NLD လွှတ်တော်အမတ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်လည်ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ လွှတ်တော်သက်တမ်း ၅ နှစ်အတွေ့အကြုံနဲ့ လုပ်ဆောင်ချက်တွေ အပေါ်အဓိက စိစစ်ရွေးချယ်တာကြောင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်း ကိုယ်စားလှယ်လောင်း အဖြစ်ပြန်ပါလာတာလို့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်းဆောင်ရွက်မှုတွေ၊ ဒေသခံ ပါတီအလုပ်အမှုဆောင်တွေနဲ့ချိတ်ဆက်ဆောင်ရွက်မှု၊ ဒေသခံ ပြည်သူတွေရဲ့ ကျေနပ်လက်ခံမှုနဲ့ တိုင်ကြားခံရမှု မရှိတဲ့အပေါ် စိစစ်ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။ ပြန်လည်ရွေးချယ်မခံရတဲ့ကိုယ်စားလှယ်တွေကတော့ ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။  ရွေးချယ်မခံရသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် မိမိဆန္ဒအလျောက် ကိုယ်တိုင်လျှောက်လွှာ မတင်သူတွေလည်း ပါဝင်ပါတယ်။   အမတ်တချို့ကတော့  လွှတ်တော်တွင်းဆောင်ရွက်မှုအားနည်းတာ၊ တိုင်ကြားမှုတွေရှိတာ၊ လူမှုရေးစံနှုန်းတွေအရ အပြစ်တင်စရာရှိတာနဲ့ ဒေသခံတွေ၊ ဒေသခံအလုပ်အမှုဆောင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတာကြောင့် မရွေးချယ်တော့တာလို့ ဦးမျိုးညွှန့်က  ပြောပါတယ်။ NLDပါတီအနေနဲ့ လက်ရှိကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်လိုက်တဲ့အပေါ် ကိုယ်စားလှယ်တွေကို သုံးသပ်အကဲခတ်ဖြတ်တဲ့နေရာမှာ ကြီးမားတဲ့ မှားယွင်းလွဲချော်မှုဖြစ်ခဲ့တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက  ပြောပါတယ်။ လက်ရှိကိုယ်စားလှယ်တွေဟာ ပြည်သူလူထုအသံကိုနားထောင်ဖို့နဲ့ ပြည်သူနဲ့တွေ့ဆုံညှိနှိုင်းမှုလုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြည်နယ်တွေမှာ မဲဆန္ဒနယ်အများစုကို လက်လွှတ်ဆုံးရှုံးနိုင်သလို တိုင်းဒေသကြီးတွေမှာလည်း အရှုံးရှိလာနိုင်တယ်လို့  ဒေါက်တာရန်မျိုသိမ်းက သုံးသပ်ပါတယ်။ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတစ်ဦးသာ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်စားလှယ်မလျှောက်ထားပေမယ့် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုယ်စားလှယ်အဖြစ်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါက  ဝန်ကြီးချုပ်နေရာ ပြန်ပေးမယ် မပေးဘူးဆိုတာကို နောက်တဆင့်စဉ်းစားရမယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအသစ် ၂၀ ရာခိုင်နှုန်းကိုရွေးချယ်ရာမှာ NLD ရဲ့မူဝါဒတွေကို အစဉ်တစိုက်ထောက်ခံခဲ့တဲ့ လူဟောင်းတွေကို အဓိကထားရွေးချယ်ခဲ့ပြီး လူငယ်တွေနဲ့တိုင်းရင်းသားလူမျိုးတွေကိုလည်း အဓိကရွေးချယ်ထားသလို ကိုယ်စားလှယ်လောင်းအားလုံးမှာ  အမျိုးသမီးကိုယ်စားလှယ် ၂၀ရာခိုင်းနှုန်းပါဝင်တယ်လို့လည်း သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေတုန်းကလည်း ကော့မှူးမြို့နယ်ကသာ ဝင်ပြိုင်ခဲ့သလို  အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း  ကော့မှူးမြို့နယ်ကိုသာ ရွေးချယ်ခဲ့တာပါ။ သမ္မတ ဦးဝင်းမြင့်ကလည်း  တာမွေမြို့နယ်ကနေ ထပ်မံဝင်ပြိုင်မှာ ဖြစ်ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) ကနေ  ဝင်ပြိုင်မှာဖြစ်ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမရပူရမဲဆန္ဒနယ်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက  ပွင့်ဖြူ မဲဆန္ဒနယ် အမှတ် (၁)၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေဘို မဲဆန္ဒနယ် (၂)၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။  ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖလမ်းမြို့နယ်   မဲဆန္ဒနယ် အမှတ် (၂)၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့  ဘားအံ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ကနေ ကိုယ်စားလှယ်လောင်းအဖြစ်  ပြန်လည်ရွေးကောက်ခံမှာ ဖြစ်ပါတယ်။  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကတော့ ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)  ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ပြည်နယ်လွှတ်တော် အသီးသီးအတွက် ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနေနဲ့ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊   တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မှာ ၆၂၂ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နေရာ စုစုပေါင်း ၁၁၃၁ နေရာ   ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်က နေရာ ၇ နေရာနဲ့  ရှမ်းပြည်နယ်တို့ရဲ့ နေရာတချို့မှာတော့ ကိုယ်စားလှယ်လောင်းမရရှိတဲ့အတွက် ဝင်ရောက်ပြိုင်မှာ  မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။  သတင်း-ဖြိုးသက်ပိုင်မြင့်/ စိုးမိုးအောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024