လိင်တူအမျိုးသား ၂ ဦး၏ အချစ် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမည်(Teaser)
DVB
·
July 23, 2020
လိင်တူအမျိုးသား ၂ ယောက်ကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ်လဆန်းမှာ ရိုက်ကူးသွားဖို့ ရှိနေပါတယ်။
Innocence The Series အမည်ရတဲ့ အဆိုပါ ဇာတ်လမ်းတွဲကတော့ စာရေးဆရာမ ညမွှေးပန်းရဲ့ ဝတ္ထုကို Channel VIII က စီစဉ်ပြီး ဒါရိုက်တာ Emma က ရိုက်ကူးပုံဖော် သွားမှာ ဖြစ်ပါတယ်။
အမုန်း၊ လက်စားချေခြင်းနဲ့ ပူလောင်ခြင်းတွေကြားထဲက မြူခိုးနဲ့ တုနှိုင်းခ ဆိုတဲ့ ဇာတ်ကောင် ၂ ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ကိုယ့် ကို ထောင်ကျစေတဲ့အထိ နာမည်ဖျက်ကာ ဒုက္ခရောက်စေခဲ့သူကို လက်စားချေဖို့ ကြိုး စားချိန်မှာ ရန်သူရဲ့ ညီဖြစ်သူကို ချစ်မိသွားတဲ့ မြူခိုးဆိုတဲ့ အမျိုးသားတယောက်အကြောင်းကို ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အဓိကဇာတ်ဆောင်တွေအနေနဲ့ စိုင်းဝဏ္ဏအောင်၊ Ethan တို့နဲ့ အတူ မင်းသွေးခန့်၊ အေးမြရိပ်နိုင်၊ မြင့်မြတ်မောင်၊ ဆက်နိုင်၊ ရဲရင့်မောင်မောင်၊ နေမညို၊ ထားသစ္စာ၊ ဇွန်ပန်းရနံ့စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ တပိုင်းကို အချိန် မိနစ် ၃၀ ကြာမြင့်တဲ့ အပိုင်းပေါင်း ၅၀ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အွန်လိုင်းချန်နယ်လ်တွေကနေ အပတ်စဉ် ထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။