နိုင်အာဂရာရေတံခွန်တွင် ဓာတ်ပုံရိုက်စရာ နေသစ်တိုး

993
ကမ္ဘာလှည့်ခရီးသွားတွေအလာများတဲ့ နိုင်အာဂရာရေတံခွန်ဟာ ကူးတို့လှေပေါ်မှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေကြတဲ့ ကနေဒါဧည့်သည်တွေအဖို့ ဓာတ်ပုံရိုက်စရာနေရာသစ် ဖြစ်လာပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက် ခေါင်းထောင်နေပေမယ့် အိမ်နီးချင်း ကနေဒါနိုင်ငံမှာတော့ ဗိုင်းရပ်စ် ပျံ့နှံ့တာကို အတော်လေးထိန်းချုပ်နိုင်နေပါတယ်။
အမေရိကန်-ကနေဒါနယ်စပ်က နာမည်ကျော် ရေတံခွန်မှာ အယောက် ၇၀၀ ဆန့်တဲ့ ကူးတို့ လှေ တစ်စီးကို ခရီးသည် ၆ ယောက်သာ စီးနင်းခွင့်ပြုပါတယ်။
ဇူလိုင် ၂၀ ရက်မှာ ကူးတို့လှေစီးသူတွေက တစ်စီး ခရီးသည် ၆ ယောက် ကန့်သတ် ချက်ဟာ ပိုမို လုံခြုံစိတ်ချရတယ်လို့ ပြောပါတယ်။
အမေရိကန်ဘက်ခြမ်းမှာတော့ စီးနင်းနိုင်တဲ့ အရေအတွက် ထက်ဝက်ကို တင်ဆောင် ပြေးဆွဲနေတယ်လို့ Maid of the Mist အပျော်စီးကူးတို့ လှေလုပ်ငန်းက ဆိုပါတယ်။
ဇူလိုင် ၂၀ ရက်က အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်သူ ၅၇,၀၀၀- ကျော်ရှိပြီး ကနေဒါမှာတော့ ကူးစက်သူ ၇၈၆ ယောက်သာ ရှိပါတယ်။
အမေရိကန်နိုင်ငံရဲ့ နေထိုင်သူ တစ်သောင်းမှာ ကူးစက်သူ ၁၁၈ ယောက်ရှိပြီး ကနေဒါ မှာတော့ အယောက် ၃၀ ဝန်းကျင်သာ ရှိပါတယ်။
“အမေရိကန်နဲ့ ကနေဒါ ကူးတို့လှေ နှစ်စီး ကွာခြားချက်ကို ကြည့်ရင် ဘာကြောင့် အမေရိကန်မှာ ကပ်ရောဂါ သောင်းကျန်းပြီး ကနေဒါမှာ မသောင်းကျန်းတာလဲ ဆိုတာ မြင်နိုင်တယ်” လို့ အွန်တေရီယိုက ခရီးသွားတစ်ယောက်က ပြောဆိုခဲ့ပါတယ်။