Live
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အထက်တန်းကျောင်း ၆၀၀ ခန့်ဖွင့်လှစ်
DVB
·
July 23, 2020
ဧရာတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ခဲ့တဲ့ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၆၀၀ နီးပါးရှိတယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။ တိုင်းပညာရေးမှူးရုံးက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက “ဧရာဝတီတိုင်းမှာ အစိုးရကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၈၀၀ ကျော်ရှိတဲ့အနက် အဆင့် အေရပြီးတော့ တကယ်ဖွင့်လှစ်နိုင်တဲ့ ကျောင်းပေါင်း ၅၉၅ ကျောင်းရှိပါတယ်၊ ဘီအဆင့်က ၁၂၁ ကျောင်းနဲ့ စီအဆင့်က ၆၃ ကျောင်းရှိပါတယ်၊ ကျောင်းတွေမြန်မြန်ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေနဲ့ အေအဆင့်ရထားတဲ့ကျောင်းတွေ ကိုလည်း အဆင့်လျော့မသွားအောင် စောင့်ကြည့်နေသလို ရှောင်တခင်ဝင်ရောက်စစ်ဆေးတာ တွေလည်း ပြုလုပ်သွားမှာ”လို့ ပြောပါတယ်။ အေအဆင့်ရရှိပြီး ဖွင့်လှစ်နိုင်ခဲ့တဲ့ အထက်တန်းကျောင်းပေါင်း ၆၀၀ နီးပါးကို တိုင်းအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ရပ်ကျေးအဆင့် ကိုဗစ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေး၊ မိဘ ဆရာအသင်း၊ ရပ်မိရပ်ဖနဲ့ ကျောင်းသားဟောင်းတွေပါဝင်တဲ့ ကော်မတီတွေဖွဲ့စည်းပြီး အခြေခံပညာရေးဦးစီးဌာနက ညွှန်ကြားတဲ့ အချက် ၈၈ ချက်ကို စစ်ဆေးခဲ့ကာ အေအဆင့်ရတဲ့ ကျောင်းတွေသာ ဖွင့်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပညာရေးဌာနအနေနဲ့ ကျောင်းတွေမှာ ကျောင်းသား ၁ ဦးကို face Shield ၁ ခု၊ Mask ၂ ခုနဲ့ပေးခဲ့သလို ကျောင်းတွေမှာ ကျောင်းသားအချိုးကျနဲ့ အပူတိုင်းကိရိယာတွေထုတ်ပေးနေပြီး ပိုးသတ်ဆေး ဖြန်းဖို့အတွက် ဆေးတွေကိုတော့ ပြင်ပက ဝယ်ယူနေရတာဖြစ်ပါတယ်။ ဘီအဆင့် စီအဆင့် ရရှိတဲ့ ကျောင်းတွေကိုလည်း အေအဆင့်ဖြစ်လာအောင် ပြင်ဆင်နေတယ်လို့ တိုင်းပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောပါတယ်။ “အဆင့် ဘီနဲ့ အဆင့် စီ ရတဲ့ ကျောင်းတွေလည်း ကျန်ပါသေးတယ်၊ အဲ့ဒီကျောင်းတွေကို လည်း ဘယ်လို အဆင့် အေ ရအောင် ဖြည့်ဆည်းမလဲ ကျောင်းတွေကိုလည်း ဖွံ့ဖြိုးရေး ရန်ပုံငွေကနေ သုံးစွဲဖို့နဲ့ မိဘဆရာအသင်းတွေနဲ့ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တာ တွေဆောင်ရွက်ဖို့ခွင့်ပြုထားသလို အလှူရှင်တွေ လှူတာကိုလည်း လက်ခံခွင့်ပြုထားပါတယ်” တိုင်းအဆင့်အနေနဲ့လည်း ဆောင်ရွက်မှုတွေ အခက်အခဲတွေ ကျောင်းဖွင့်တဲ့ အစီစဉ်တွေကို တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီးထံသတင်းပို့ပြီး အကူညီတောင်းခံ ဆောင်ရွက် နေတာတွေရှိသလို ဘီအဆင့်နဲ့ စီအဆင့်ရတဲ့ ကျောင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် အရေး ပေါ်လိုအပ်ချက်တွေကို ဖြည့်တင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အေ အဆင့်ရရှိလို့ ဖွင့်လှစ်ထားတဲ့ကျောင်းတွေကို ရှောင်တခင်ဝင်စစ်မှာဖြစ်သလို အဓိက ကျောင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပတ်ဝန်းကျင်တွေဖြစ်ဖို့နဲ့ မိဘပြည်သူတွေ စိတ်ချမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ အထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်း စုစုပေါင်း ကျောင်းပေါင်း ၇၂၆၁ ကျောင်းရှိတဲ့အနက် စာသင်ကျောင်း ၉၂၉ ကျောင်းကို ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကိုထားရှိဖို့ အသွားအလာကန့်သတ်စောင့်ကြည့် စင်တာတွေအဖြစ် အသုံးပြုခဲ့တယ်လို့  တိုင်းပညာရေးမှူးရုံးက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024