Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း ဖွင့်ခွင့်မရသေးသည့် အထက်တန်းကျောင်းပေါင်း ၃၀၀၀ ကျော်ကျန်ရှိနေ 
DVB
·
July 23, 2020
မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်း ရှိတဲ့အနက် ကျန်းမာရေး ဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်း ရှိပြီး ဖွင့်ခွင့်မရသေးတဲ့ ကျောင်းပေါင်း ၃၁၇၄  ကျန်နေသေးတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရေးသားချက်အရ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်က မြန်မာနိုင်ငံတဝန်းရှိ အခြေခံပညာအထက်တန်းကျောင်းတွေကို ပြန်လည် စတင်ဖွင့်လှစ်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ ကျောင်းတွေကတော့ ဖွင့်လှစ်ခွင့်မရသေးတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေ  ဖြည့်ဆည်းပေးပြီးပါက ပြန်ဖွင့်ခွင့်မရသေးတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို ဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ပြောပါတယ်။ “ဖွင့်ခွင့်မရသေးတဲ့ ကျောင်းများမှာ ပိုးသတ်သန့်စင်မှုပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ လက်ဆေးရန်နေရာ၊ အိမ်သာနဲ့ အဖုံးပါခြေနင်းအမှိုက်ပုံးတို့ ပြည်စုံစွာ မထားရှိနိုင်ခြင်း စတဲ့ လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့် မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ပါတယ်။ ဒါတွေကိုလည်း ဆောလျင်စွာ ဖြည့်ဆည်းပေးပြီး၊ ကျောင်းဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။  ကျောင်းပြန်တက်ရာမှာ ကျောင်းသားတွေနဲ့ ဆရာတွေကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီးလည်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က “မနေ့က ကျောင်းစတက်တဲ့အခါ ကျောင်းသူ၊ ကျောင်းသားများ ပုံစံအသစ်နဲ့ စာသင်ရတဲ့အတွက် ခက်ခဲမှုတွေ ရှိတယ်လို့ ကြားပါတယ်။ Mask နဲ့ Face Shield ကို အကြာကြီး တပ်ထားရတာ၊ သူငယ်ချင်းတွေ အချင်းချင်း ခပ်ခွါခွါနေကြရတာတွေဟာ သူတို့လေးတွေအတွက် ခက်ခဲမှာ အမှန်ဖြစ်ပါတယ်။ ထို့အတူ ဆရာ၊ ဆရာမများလည်း ယခင်ကထက် ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရတယ်လို့ သိရပါတယ်။” လို့ ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ပြီး ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် အခုသီတင်းပတ်မှာ ကျောင်းအပ်နှံထားသူဦးရေ ရဲ့တစ်ဝက်လောက်ဖြစ်တဲ့ ကျောင်းသား  ၅ သိန်းခွဲကျော် ကျောင်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024