သွေးပျက်ထိတ်လန့်ဖွယ် ရုပ်ရှင်-The Conjuring 3 ကို ၂၀၂၁ ခုနှစ်မှ ရုံတင်နိုင်မည် (ရုပ်ရှင်မူနာ)

1.4K
ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ The Conjuring 3 ရုပ်ရှင်ကို လတ်တလော ကိုဗစ်ကာလ ကပ်ဘေးအခြေအနေကြောင့် ရုံတင်ပြသမယ့် ရက်ထပ်မံရွှေ့ ဆိုင်းလိုက်ရပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာမှ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
The Conjuring: The Devil Made Me Do It အမည်နဲ့ ထပ်မံထွက်ရှိလာခဲ့တဲ့ ဒီ ကားဟာ သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ရုပ်ရှင်ကားတကားဖြစ်ပြီး ၂၀၁၃ ခုနှစ်ထွက် The Conjuring နဲ့ ၂၀၁၆ ခုနှစ်ထွက် The Conjuring 2 ရုပ်ရှင်ကားတွေရဲ့ အဆက် ဖြစ်ပါတယ်။
Warner Bros. Pictures ကနေ ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ Chase Champion ၊ The Curse of La Llorona ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Michael Chaves က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး အရင်ရုပ်ရှင်ကား ၂ ကားစလုံးကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Wan က ဇာတ်ညွှန်းပိုင်းကို တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာရော Lorraine နဲ့ Ed Warren တို့ ဇနီးမောင်နှံ ၂ ယောက် အရင်ကားတွေနဲ့မတူ ဘယ်လို ဆိုးရွားတဲ့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ရဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Vera Farmiga နဲ့ Patrick Wilson တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
အရင် The Conjuring ရုပ်ရှင်ကား ၂ ကားစလုံးဟာ Box Office ရုံတင်ဝင်ငွေ စံချိန်ချိုးခဲ့ကြတဲ့ ရုပ်ရှင်တွေဖြစ်တာမို့ အခု တတိယမြောက်ရုပ်ရှင်ကရော စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေကြတာပါ။
အစပိုင်းတုန်းကတော့ ဒီကားကို လာမယ့် စက်တင်ဘာလထဲမှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားခဲ့ပြီး လတ်တလောမှာတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ကို ထပ်မံ ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။