သစ်တောမူဝါဒ ပြန်လည်သုံးသပ်ပြင်ဆင်ရန် EITI အစီရင်ခံစာတွင် တိုက်တွန်း

သစ်တောမူဝါဒတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ကာလတစ်ခု ရောက်တိုင်း ပြင်ဆင်ခြင်း ပြုလုပ်သင့်တယ်လို့ မြန်မာနိုင်ငံတွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိသစ်တောမူဝါဒဟာ ၁၉၉၅ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပြီး ၂၅ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ သစ်တောကဏ္ဍမှာ လုပ်သားခန့်အပ်ထားနိုင်မှုနည်းပါးပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းက ထင်းနဲ့မီးသွေးကို အသုံးပြုပြီး ချက်ပြုတ်နေကြဆဲ ဖြစ်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကာလမှာ သစ်တောကဏ္ဍက ကောက်ခံရရှိခဲ့တဲ့ ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၂သန်း ရှိခဲ့ပါတယ်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွေက စပြီး သစ်တောကဏ္ဍဝင်ငွေတွေဟာ နှစ်စဉ်ကျဆင်ခဲ့တယ်လို့ EITI ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ သစ်တောကဏ္ဍဝင်ငွေ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လေးနှစ်တာကလအတွင်းမှာ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မြန်မာသစ်လုပ်ငန်း (MTE) အနေနဲ့ ကျွန်းပင်ပေါင်း ၉၄၅၄ပင် ခုတ်လှဲခဲ့တယ်လို့ သိရပါတယ်။
EITI ရဲ့အစီရင်ခံစာထဲမှာပါရှိတဲ့ ကိန်းဂဏာန်းတွေထဲမှာတော့ တရားမဝင် သစ်ခုတ်လှဲတာနဲ့ ပတ်သက်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် ကန်ထရိုက်စနစ်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်မှုစနစ်နဲ့ ပေးအပ်ဖို့အပြင် ကန်ထရိုက်စာချုပ်တွေကို အများပြည်သူသိအောင် ဖွင့်ပြဖို့လည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။
သတင်း - နူးရာ