ချီကာဂိုမြို့ နာရေးတခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ ဇူလိုင်လ ၂၁ ရက်က နာရေးပို့သူတွေကို ကားတစ်စီးပေါ် လိုက်ပါလာသူတွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူအများအပြား ထိမှန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နာရေးပို့သူတွေကလည်း ပြန်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုဖြစ်တဲ့ နေရာမှာ ကျည်ခွံ အခု ၆၀ လောက်တွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အဲရစ်ကာတာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူ ၁၄ ယောက်ကို ဆေးရုံ ၅ ခုမှာ ကုသပေးနေပြီး ဒီပစ်ခတ်မှုအတွက် တစ်ယောက်ကို ထိန်းသိမ်းထားတယ်လို့ အဲရစ်ကာတာက ပြောပါတယ်။
ဇူလိုင် ၄ ရက်ကလည်း ချီကာဂိုမှာ သေနတ်ပစ်ခတ်မှုကြောင့် ကလေးနှစ်ယောက် အပါအဝင် ၁၇ ယောက် သေဆုံးခဲ့တဲ့အပြင် ၈၇ ယောက် ဒဏ်ရာရတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။