ယူကရိန်းသမ္မတနှင့် ပြန်ပေးဆွဲသမား သဘောတူညီမှု ရပြီးနောက် ဓားစာခံအားလုံး ပြန်လွှတ်ပေး

1.1K
ယူကရိန်းအရှေ့ပိုင်း လွတ်စ်ခ်မြို့မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ခရီးသည် ၁၃ ယောက်စလုံးကို ထိခိုက်အနာတရ မဖြစ်ဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
သမ္မတ ဇီလန်စကီက ပြန်ပေးဆွဲသူကို ဖုန်းနဲ့ ပြောဆိုပြီး သူ့ရဲ့ တောင်းဆိုချက်တစ်ခုဖြစ်တဲ့ ၂၀၀၅ တိရစ္ဆာန်အခွင့်အရေး မှတ်တမ်းရုပ်ရှင်ကို ထောက်ခံဖို့ သဘောတူပြီးနောက်မှာ ဓားစာခံအားလုံးကို လွှတ်ပေးခဲ့တာပါ။
အဲဒီနောက် အသက် ၄၄ နှစ်အရွယ် ပြန်ပေးသမား မက်ဆင်ကိုဗာ့ချ်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ မက်ဆင်ကိုဗာ့ချ်က သူ့မှာ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပါတယ်လို့ ပြောပြီး ခရီးသည်တင် ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ကိုဗာ့ချ်ဟာ ထောင်ကျဖူးတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုပြီး သူဟာ အစွန်းရောက် အမြင်တွေကို ဝါဒဖြန့်နေတယ်လို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် သူက ဘတ်စ်ကားကို ဖောက်ခွဲပြီး မြို့လယ် လူစည်ကားရာနေရာမှာ နောက်ထပ် ဗုံးတစ်လုံး ခွဲပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားစာခံတွေ လွှတ်ပေးဖို့အတွက် သမ္မတဇီလန်စကီဟာ ကိုဗာ့ချ်နဲ့ ၇ မိနစ်ကနေ ၁၀ မိနစ်ခန့် စကားပြောခဲ့ပြီး ဟောလိဝုဒ် သရုပ်ဆောင် ဝါချင်ဖီးနစ် နောက်ခံ ပြောဆိုတဲ့ “Earthlings,” မှတ်တမ်းရုပ်ရှင်ကို ထောက်ခံပြောဆိုဖို့ ဇီလန်စကီက သဘောတူခဲ့ပါတယ်။
ဘတ်စ်ကားကို စီးနင်းတိုက်ခိုက်ဖို့ သမ္မတဇီလန်စကီက အမိန့်ပေးနိုင်ပေမယ့် တိုက်ခိုက်မှုမှာ ဓားစာခံတွေ သေဆုံးတာမျိုးကို သမ္မတဇီလန်စကီက မလိုလားဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။