ဧရာဝတီတိုင်းတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့် ပါတီမရှိသေး

ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်ထံ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ လာရောက်တင်သွင်း တာမရှိသေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ကော်မရှင်အနေနဲ့ ဒီနေ့စတင်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင်လက်ခံပေမယ့် မနေ့ညနေပိုင်းအထိ ဘယ်ပါတီမှ လာပြီး ကိုယ်စားလှယ်လာင်းစာရင်းတင်သွင်းတာမျိုးမရှိသေးဘူး လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက အတွင်းရေးမှူး ဦးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ "ဒီနေ့ စတင်လက်ခံတယ်၊ ဒါပေမယ့် ဘယ်ပါတီကမှ လာပြီး ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းတာမရှိသေးဘူး၊ နောက်ရက်တွေတော့ ရှိလာနိုင်ပါတယ်" လို့ ပြောပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ကာ လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်အမည် စာရင်းတွေကို တင်သွင်းနိုင်တယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းမရှိသေးတာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမြင့်စိုးက "ပါတီတစ်ခုနဲ့ တစ်ခု အနိုင်ရဖို့အတွက် တဘက်က တင်လာတဲ့ ကိုယ်စားလှယ်လောင်း အခြေအနေကို ကြည့်ပြီး တစ်ဘက်က ကိုယ်စားလှယ်ပြန်တင်မယ့်အနေအထားရှိတယ်၊ ခုက လူပုဂ္ဂိုလ်ကိုအခြေပြုပြီး ရွေးမယ်ဆိုတဲ့ အသံတွေက ထွက်လာတော့ သူ့ထက်ငါ လူကောင်းကို တင်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ သုံးသပ်မိပါတယ်"လို့ ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုယ်စားလှယ်အမည် စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်လက်ခံဖို့ ကြေညာထားပြီး တင်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်သွားမှာဖြစ်ပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up