ဆိုးလ်ရှားနှင့် မိမိအကြား ကွာဟချက်မှာ အသင်းဘက်က အချိန်ပေးမှုဖြစ်ဟု ဒေးဗစ်မိုယက်စ်ပြော

952
နည်းပြဆိုးလ်ရှားနဲ့ မိမိအကြား ကွာဟချက်မှာ အသင်းဘက်က အချိန်ပေးမှု ဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း မိုယက်စ်က ပြောလိုက်ပါတယ်။
မိုယက်စ်ဟာ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းနည်းပြအဖြစ် တာဝန်ယူနေပြီး ဒီကနေ့ညမှာ အသင်းဟောင်း မန်ယူနဲ့ အိုးထရတ်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာပါ။
၂၀၁၃ ခုနှစ်က နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း နည်းပြချုပ် ဖြစ်လာတဲ့ မိုယက်စ်ဟာ အသင်းနဲ့ ၈ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရှိ မန်ယူနည်းပြ ဆိုးလ်ရှားဟာ ၂၀၁၈ ဒီဇင်ဘာလကတည်းက ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ၃ နှစ်စာချုပ်နဲ့ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပါတယ်။
နည်းပြ ဆိုးလ်ရှားနဲ့ မိမိကြားမှာရှိတဲ့ ကွာဟချက်က အချိန်ပေးမှုဖြစ်ပြီး အသင်းဘက်က ဆိုးလ်ရှားအပေါ်မှာတော့ အချိန်ပေးခဲ့တယ်လို့ မိုယက်စ်က ရည်ညွှန်းပြောကြားခဲ့တာပါ။
မိုယက်စ်ဟာ မန်ယူအသင်းကို စုစုပေါင်း ၅၁ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂၇ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၁၅ ပွဲ ရှုံးခဲ့လို့ နိုင်ပွဲရာခိုင်နှုန်း ၅၂ ဒသမ ၉၄ ရှိခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားကတော့ စုစုပေါင်း ၈၅ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄၆ ပွဲနိုင်၊ ၁၉ ပွဲ သရေ၊ ပွဲ ၂၀ ရှုံးခဲ့လို့ နိုင်ပွဲရာခိုင်နှုန်း ၅၄ ဒသမ ၁၂ ရှိထားပါတယ်။