အီဗရာဟီမိုဗစ်နှင့် ကာဗာနီကို ခေါ်ယူရန် လိဒ်ယူနိုက်တက် ကြိုးပမ်းနေ

825
ပရီးမီးယားလိဂ်ကို တန်းတက်ကစားခွင့် ရရှိထားတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ အီဗရာဟီမိုဗစ်နဲ့ ကာဗာနီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ အီတလီလူမျိုး ရာဒရစ်ဇာနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အီဗရာဟီမိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ကြောင်း ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မိုဗစ်ကို ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု အခြေအနေက အီတလီနဲ့ ကွဲပြားတယ်လို့ လိဒ်အသင်းပိုင်ရှင် ရာဒရစ်ဇာနီက ပြောပါတယ်။
ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကာဗာနီကတော့ ပရီးမီးယားလိဂ်မှာ အဆင်ပြေနိုင်ပြီး နည်းပြချုပ် ဘီယယ်ဆာနဲ့တော့ ကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးဖူးခြင်းမရှိသေးကြောင်း လိဒ်အသင်းပိုင်ရှင်က ပြောပါတယ်။
ဒါပေမဲ့ ကာဗာနီကို ခေါ်ယူဖြစ်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
လိဒ်ဂိုးသမားဟောင်း ရော်ဘင်ဆန်ကတော့ လက်ရှိတိုက်စစ်မှူး ဘမ်းဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ အဆင်ပြေနိုင်မှာမဟုတ်ဘဲ ဆဲလ်တစ်တိုက်စစ်မှူး အက်ဒွက်နဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်တို့ကို ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။