Home
မြန်မာသတင်း
NLD ကိုယ်စားလှယ်လောင်း အမည်စာရင်း ဇူလိုင် ၂၃ ရက်မှ ထုတ်ပြန်မည်
DVB
·
July 21, 2020
၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို လာမယ့် ဇူလိုင် ၂၃ ရက်မှ ကြေညာမယ်လို့ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့က နေပြည်တော်၊ဥတ္တရသီရိမြို့နယ်ထဲက အန်အယ်လ်ဒီပါတီ ယယီဌာနချုပ်(ရုံးခွဲ)မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ပြောတာပါ။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း အတည်ပြုမှုတွေကို ဒီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအတွင်း ဆောင်ရွက်ပေမဲ့ လုပ်ငန်းပြီးပြတ်ခြင်းမရှိလို့ ဇူလိုင် ၂၃ ရက်မှ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ဒီနေ့ အဖြေမထွက်ပါဘူး။ ၂၃ ရက်နေ့မှ ကြေညာပါမယ်။၂၃ ရက်နေ့ကြေညာမယ်ဆိုတာက အန်အယ်လ်ဒီဝက်ဘ်ဆိုဒ်ပေါ်မှာ ကြေညာပါမယ်။ အဲ့ဒီတော့ အပင်ပန်းခံပြီးတော့ မနက်ဖြန်မလာ ပါနဲ့။ ဘာသတင်းမှ ရမှာလည်း မဟုတ်ပါဘူး။ ၂၃ ရက်နေ့ကျရင် အန်အယ်လ်ဒီဝက်ဘ်ဆိုဒ်ပေါ်မှာ ကြည့်လိုက်ရင် အဖြေအားလုံးရပါမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို နိုင်ငံရေးပါတီတွေအနေနဲ့ ဇူလိုင် ၂၀ ရက်က စတင်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းနိုင်ပြီဖြစ်ပါတယ်။ လက်ရှိမှာ အာဏာရပါတီဖြစ်တဲ့ အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကို ပြည်သူတွေနဲ့အတူ တခြားပါတီတွေကလည်း စောင့်ကြည့်နေကြတာပါ။  ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင် ၂၁ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခြင်းမရှိပေမယ့် အန်အယ်လ်ဒီ ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ ၁ ဦးဝင်းမြင့် တို့ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့လည်း ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ “ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်အများကြီး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အဲဒါတွေကို ကျနော်တို့ အပြန်အလှန် သုံးသပ်တဲ့အခါ ကျတော့ ဒီဟာနဲ့ ပတ်သက်လို့ မပြီးဘူးပေါ့။ တစ်တိုင်းချင်း သွားရတဲ့အခါကျတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး သိတဲ့လူတွေက ဆွေးနွေးကြတဲ့အခါကျတော့ မပြတ်တော့ ဆက်သွားတာပေါ့။ ဒါက ၂၃ ရက်နေ့မှာ ကျနော်တို့ ဥက္ကဋ္ဌကိုယ်တိုင်က ပြောခဲ့သလို ဒါတွေက အသိပေးရမှာပါ လွှတ်တော် ကိုယ်စားလှယ် ဘယ်သူ ဘယ်ဝါဆိုတာ  ၂၃ ရက်နေ့ကျရင်တော့ ရမှာပါ။ ” လာမယ့် ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်တချို့နဲ့ ကိုယ်စားလှယ်တချို့ ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါ တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေသလို တချို့ကိုယ်စားလှယ်တွေကလည်း ကိုယ်စားလှယ်စာရင်းမှ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီနေ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကိုတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ဒုဥက္ကဋ္ဌ တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အားလုံးတက်ရောက်ခဲ့ကြပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024